ဇွန် ၃
ပီရူးနိုင်ငံတောင်ပိုင်းတွင် ဇွန် ၁ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရွှံ့မြေပြိုကျမှုကြောင့် ထရပ်ကားတစ်စီး မျောပါသွားပြီးနောက် ခြောက်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နိုင်ငံအဆင့်အရေးပေါ်ကယ်ဆယ်ရေးစင်တာက ယမန်နေ့ကပြောကြားသည်။
အဆိုပါထရပ်ကားသည် အန်ကိုနှင့် အယ်လိုချီဂူအာခရိုင်တို့ကိုဆက်သွယ်ထားသောလမ်းပေါ်တွင် မောင်းနှင်နေစဉ် ဇွန် ၁ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်က ရွှံ့မြေပြိုကျမှုကြီးဖြစ်ပွားခဲ့သည်ဟု အန်ဒီနာသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
ထိုရွှံ့မြေနှင့်ရေတို့ကြောင့် မီတာ ၁၀၀ ကျော်အနက်ရှိသော လျှိုမြောင်အတွင်းသို့ ထရပ်ကားနစ်မြုပ်ခဲ့ကြောင်းနှင့် အခြားထရပ်ကားတစ်စီးမှာ တစ်စိတ်တစ်ပိုင်းနစ်မြုပ်ခဲ့သော်လည်း ခရီးသည်များအသက်အန္တရာယ်မှ လွတ်ကင်းခဲ့ကြောင်း ဖော်ပြထားသည်။
ဒေသကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနမှ ဆေးတပ်သားများ ၎င်းနေရာသို့ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး ပြုစုကုသမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို