ဗဟိုအဖွဲ့တွင်လည်း Private Sector များ ပူးပေါင်းပါဝင်နိုင်ရေး UMFCCI ကို ထည့်သွင်းဖွဲ့စည်းထား

နေပြည်တော် ဇွန် ၃

 

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၏ အစည်းအဝေးအမှတ်စဉ် (၁/၂ဝ၂၅) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။(ယာပုံ)

 

အစည်းအဝေးသို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့မှအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံကို FATF မှ ၂၀၂၀ ပြည့်နှစ် ဖေဖော် ဝါရီလမှစ၍ တိုးတက် ဆောင်ရွက်မှုများကို စောင့်ကြည့်မည့် နိုင်ငံနှင့်ဒေသများစာရင်း (Gray List)တွင် ထည့်သွင်းခဲ့သည့် အတွက် မြန်မာနိုင်ငံအနေဖြင့် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ(Action Plan)တွင်ပါသည့်အချက် များအပေါ်အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တိုးတက် ဆောင်ရွက်မှု အစီရင်ခံစာပေးပို့ခြင်းနှင့် မျက်နှာစုံညီအစည်းအဝေး တက်ရောက်ခြင်းတို့ကို (၄)လ တစ်ကြိမ် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

Action Plan ပါ အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး Action Plan ပါ အချက် ၁၅ ချက်အနက် ယခုလက်ရှိအချက် ၆ ချက်သာ ကျန်ရှိတော့သဖြင့် ကျန်ရှိသည့်အချက်များကို ပြီးမြောက်စေရေး သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

 

မကြာသေးမီကပြဋ္ဌာန်းခဲ့သည့် အမျိုး သားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) လုပ်ငန်းများ ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရေးအတွက် လုပ်ငန်းနယ်ပယ် ၅ ရပ်ဖြင့် ကော်မတီ အသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထား ပြီးဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် နှစ်အလိုက် လုပ်ငန်းစဉ် (Annual Work Plan)ရေးဆွဲဆောင်ရွက်ရေး၊ တိုးတက်မှု အစီရင်ခံစာများ သုံးလ တစ်ကြိမ်တင်ပြ ရေး၊ ကာလလယ်ပြန်လည်သုံးသပ်ရေး (Mid-term Review) စသည်တို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။

 

၂၀၂၉ ခုနှစ်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တတိယအကြိမ် နိုင်ငံအချင်းချင်း အကဲဖြတ်ခြင်းလုပ်ငန်း စဉ် (Mutual Evaluation-ME)ကို ဆောင် ရွက်ရန်ရှိသည့်အတွက် ဆောင်ရွက်ရမည့် ME လုပ်ငန်းစဉ်များအတွက် ကော်မတီများအနေဖြင့် ကြိုတင် စီမံထားကြရန်လို အပ်ကြောင်း၊ ငွေကြေးခဝါချမှု၊ အကြမ်း ဖက်မှုနှင့် လူအများအပြားသေကျေစေ သည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုသည် နိုင်ငံတစ်နိုင်ငံ ၏ ပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့်အပြင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လည်း အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ Private Sector ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဗဟိုအဖွဲ့တွင်လည်း Private Sector များ ပူးပေါင်းပါဝင်နိုင်ရေး UMFCCI ကို ထည့်သွင်းဖွဲ့စည်းထားပါ ကြောင်း၊ UMFCCI သည် ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် စီးပွားရေးလုပ်ငန်း ပေါင်းစုံ အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည့်အတွက် Public-Private Partnership ကဏ္ဍ တိုးမြှင့် ဆောင်ရွက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ တက်ရောက်လာသူများက မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်