ပေါင် ဇွန် ၄
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဒေသထွက်ရာသီစာမင်းကွတ်သီးများ ယခုနှစ် ပေါ်ဦးပေါ်ဖျားချိန် ကတည်းက ဈေးကောင်းရရှိသဖြင့် ခြံပိုင်ရှင်များ အဆင်ပြေကြကြောင်း အရောင်းဒိုင်များထံမှ သိရသည်။
“ယခုနှစ် မေလအစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေတဲ့ ပေါင်မြို့နယ်ထွက် အအေးဓာတ်စာ မင်းကွတ်သီးများမှာ ဈေးကွက်အတွင်း ဝယ်ယူစားသုံးသူများပြားနေတာကြောင့် စတင် ခူးဆွတ်ချိန်မှ ယနေ့အထိ ဈေးကောင်းရရှိနေဆဲဖြစ်တယ်”ဟု ပေါင်မြို့နယ်မှ မင်းကွတ်သီး ရောင်းဝယ်ရေး ဒိုင်တစ်ဦးက ပြောသည်။
“ဒီနှစ် စခူးတဲ့အချိန်ကတည်းက ဈေးကောင်းရတယ်။ အခုချိန်ထိလို့ ပြောလို့ရတယ်။ ဈေးကွက် မှာလည်း အရောင်းအဝယ်ရှိတော့ ဒီဘက် ဒေသထွက်မင်းကွတ်သီးတွေ ရသလောက် ပွဲရုံကဝယ်ယူ နေတယ်။ အခုက ရာသီဥတုအတော်ပူတယ်။ မင်းကွတ်သီးက အအေးဓာတ်စာ ဆိုတော့ ဝယ်စားကြ တာလည်းပါတယ်။ ဒီနှစ်က ခြံပိုင်ရှင်တွေအတွက် အဆင်ပြေတဲ့နှစ်လို့ပဲ ပြောရပါမယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ် မင်းကွတ်သီးပေါ်ဦးပေါ်ဖျားချိန် အလုံးကြီးတစ်လုံးကို ငွေကျပ် ၇၀၀ ဝန်းကျင်ခန့်နှင့် ပုံမှန် အလုံးတစ်လုံးကို ငွေကျပ် ၅၀၀ ခန့် ဈေးကွက်အတွင်း ပေါက်ဈေးရှိခဲ့ပြီး လက်ရှိဈေးမှာ ငွေကျပ် ၄၀၀ ဝန်းကျင်ခန့်သာ လျော့ကျခဲ့ကြောင်း ၎င်းက ဆက်ပြောကြားသည်။
ရာသီစာမင်းကွတ်ကို မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော မင်းကွတ်သီး များကို ဒေသတွင်းစားသုံးရောင်းချမှု များအပြင် အလုံး ၁၅၀ ပါ ပလတ်စတစ်ကတ်ဖာခြင်းများဖြင့် ထုပ်ပိုးကာ ရန်ကုန်ပွဲရုံနှင့် မန္တလေးတို့သို့ အဓိကတင်ပို့ရောင်းချကြောင်း ပေါင်မြို့နယ် အရောင်း ဒိုင်များမှ သိရသည်။
ဒေသထွက် မင်းကွတ်သီးကို တောင်ပေါ်သီးနှင့် ရွာသီးဟု ဒေသအတွင်း ခွဲခြားထားပြီး တောင်ပေါ်သီးမှာ ရွာသီးထက် အလုံးပိုကြီးသော် လည်း အခွံထူကာ အချဉ်ဓာတ်နည်းနည်းဖောက်ပြီး ရွာသီးမှာ အခွံပါး ကာ ပိုချို၍ ဈေးနှုန်းအတူတူပင်ဖြစ်ကြောင်း မင်းကွတ်ခြံပိုင်ရှင်များထံမှ သိရသည်။
ထို့ပြင် ယခုလို ပူပြင်းသည့်ကာလတွင် အပူဓာတ်ကိုသက်ရောက် စေသည့် ဒူးရင်းသီးကိုစားသုံးပါက ဆန့်ကျင်ဘက် အအေးဓာတ်စာ မင်းကွတ်သီးနှင့် တွဲဖက်စားသုံးသင့်ကြောင်း ခြံပိုင်ရှင်များက အကြံပြု ပြောဆိုခဲ့သည်။
မွန်မလေး(ပြန်/ဆက်)