နိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် တာဝန်သိတတ်သည့်စိတ်ဖြင့် လိုက်နာပူးပေါင်းဆောင်ရွက်
နေပြည်တော် ဇွန် ၅
၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်လာကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း။
စုပေါင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်း အားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)" ဟု သတ်မှတ်ထားကြောင်း၊ ရည်ရွယ် ချက်မှာ ကမ္ဘာပေါ်၌ တစ်နေ့တခြား ပိုမိုဆိုးရွားလာ နေသည့် ပလတ်စတစ်ညစ်ညမ်းမှုများကို အဆုံးသတ် တိုက်ဖျက်သွားမည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီ ချက်တစ်ခုပေါ်ထွက်လာရေးနှင့် အနာဂတ်ကာလတွင် တိုးတက်ကောင်းမွန်သန့်ရှင်း သည့် သဘာဝ ပတ်ဝန်းကျင်တစ်ရပ် ဖြစ်လာစေရေးတို့အတွက် စုပေါင်းအားဖြင့် ကြိုးပမ်းဆောင်ရွက် အကောင်အထည် ဖော်သွားကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းပင် ဖြစ်ကြောင်း။
ယနေ့ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်များပြား လာခြင်းနှင့်အတူ နည်းပညာနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ် မှုများပြားလာသည့်အတွက် ရာသီဥတုများသည် အဆိုးဘက်ကို ပြောင်းလဲလာနေကြောင်း၊ ထို့အပြင် သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူ သုံးစွဲလာခြင်းကြောင့် ဂေဟစနစ်များ ယိုယွင်းလာပြီး ဇီဝမျိုးစုံမျိုးကွဲများ တဖြည်းဖြည်း မျိုးသုဉ်း ပျောက်ကွယ် လာနေကြောင်း၊ မြို့ပြနှင့်စက်ရုံအလုပ်ရုံများက စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံမှု မရှိသည့်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းစေသည့်ပြဿနာများကို မြန်မာနိုင်ငံအပါအဝင် ယနေ့ကမ္ဘာ တစ်ဝန်းလုံး၌ ရင်ဆိုင်ကြုံတွေ့နေရသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများထဲတွင် ပလတ်စတစ် စွန့်ပစ်အမှိုက်များသည် နေ့စဉ်နှင့်အမျှ များပြား လာပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်း ခြင်း၏ အဓိကစိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်လာနေကြောင်း၊ သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်ရေး၊ လူသား အားလုံး၏ ကျန်းမာရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာ ခြိမ်းခြောက်လာ နေကြောင်း။
ရင်ဆိုင်ကြုံတွေ့လာနေကြရပြီဖြစ်
ယနေ့ခေတ်တွင် အသုံးပြုရလွယ်ကူခြင်း၊ တန်ဖိုးနည်းခြင်း၊ ပုံသဏ္ဌာန်အမျိုးမျိုးဖန်တီးနိုင်ခြင်း၊ ထုပ်ပိုးရ လွယ်ကူခြင်းစသည့် လျင်မြန်လွယ်ကူ အသုံးတည့်မှုများကြောင့် ပလတ်စတစ်များကို မိမိတို့ လူ့ပတ်ဝန်းကျင်နေရာအနှံ့အပြားတွင် အဓိကပစ္စည်းအဖြစ် အသုံးပြုလာကြကြောင်း၊ ကမ္ဘာ့ ပလတ်စတစ် ထုတ်လုပ်မှုကို ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ် စာရင်း များအရ တန်ချိန်သန်းပေါင်း ၄၀၀ ကျော် အထိရောက် ရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်ဆ မြင့်တက်လာခဲ့သည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့ ထုတ်လုပ်မှုများ ဆက်လက်တိုးတက်လာနေမည် ဆိုပါက လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ပလတ် စတစ်ထုတ်လုပ်မှုသည် တန်ချိန်သန်းပေါင်း ၁၁၀၀ အထိ ရောက်ရှိလာ နိုင်သည်ကို လေ့လာသိရှိရ ကြောင်း၊ ထိုသို့ ထုတ်လုပ်မှုတိုးတက်လာခြင်းနှင့် အတူ သုံးစွဲရာတွင် ထိန်းချုပ်မှုအားနည်းခြင်းနှင့် စည်းကမ်းမဲ့ မဆင်မခြင်စွန့်ပစ်ခြင်းများကြောင့် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာများစွာကို ယနေ့ အချိန်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိုးရိမ် ဖွယ်ရာအန္တရာယ်တစ်ခု အဖြစ် ရင်ဆိုင်ကြုံတွေ့လာ နေကြရပြီဖြစ်ကြောင်း။
ကုန်းမြေမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာများထဲကို ရောက်ရှိလာသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ သည် အချိန်ကာလကြာလာသည်နှင့်အမျှ အလွန် သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှား (Micro-plastics) များအဖြစ် ပြောင်းလဲဖြစ်ပေါ်ပြီး အဏ္ဏဝါ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ဖြစ်စေကြောင်း၊ ယနေ့အချိန်တွင် အဆိုပါ Microplastics များသည် ပင်လယ်သမုဒ္ဒရာများ၊ မြစ်ချောင်းများ၊ လေထု အတွင်းနှင့် နေ့စဉ်အစားအစာများထဲအထိ ပျံ့နှံ့ ရောက်ရှိနေပြီး နောက်ဆုံးတွင် လူ့ခန္ဓာအစိတ်အပိုင်း များထဲအထိ ထိုးဖောက်ရောက်ရှိလာကြကြောင်း၊ အဆိုပါအချက်ကို ကြည့်ခြင်းအားဖြင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၏ ကြီးမားလှသည့်အန္တရာယ်ကို သိရှိနိုင်ကြောင်း။
ပေါင်းစပ်အကောင်အထည်ဖော်
မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း အပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) ကို ရေးဆွဲထုတ်ပြန်ထားပြီး မြို့ပြနှင့်စက်မှုလုပ်ငန်း များတွင် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ် နိုင်ရေးကို အဓိက ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ကဏ္ဍစုံ ပေါင်းစပ် အကောင်အထည်ဖော် နိုင်ရန်အတွက် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်ကို ထုတ်ပြန်နိုင် ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း။
မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုများကို လျှော့ချနိုင်ဖို့၊ ပြည်တွင်းရှိ ပလတ်စတစ်ကို ပြန်လည် ပြုပြင်ထုတ်လုပ်သည့် (Recycle) လုပ်ငန်းများ ပိုမို တွင်ကျယ်အားကောင်းလာစေရန်၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုကို တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်မြို့ပြ လုပ်ငန်းဆိုင်ရာစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်လုပ်ငန်း စဉ်အဆင့်ဆင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်း (Standard Operating Procedure-SOP) များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြား လိုကြောင်း။
စနစ်တကျထိန်းချုပ်စီမံဆောင်ရွက်
မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့၏စွန့်ပစ်မှုအား နယ်စပ် ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ် ကွန်ဗင်းရှင်း" ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အတွက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို နိုင်ငံ အတွင်း တရားမဝင် တင်သွင်းခြင်းမရှိစေရန်အတွက် ကွန်ဗင်းရှင်းပါ ကတိကဝတ်များနှင့်အညီ စနစ်တကျ ထိန်းချုပ်စီမံဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့သည့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်း နှင့် အာဆီယံ မူဘောင်ကိုလည်း မြန်မာနိုင်ငံ အနေဖြင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၅ တွင် နိုင်ငံ တော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၃၉၀၊ အပိုဒ်(ခ)တွင် နိုင်ငံသားတိုင်းသည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသည့်အတွက် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေဖြင့် ပလတ်စတစ် ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် တာဝန်သိတတ်သည့် စိတ်ဖြင့် လိုက်နာပူးပေါင်းဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတွင် ပလတ်စတစ်ညစ်ညမ်းမှုများမှ ကင်းဝေးပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်း အားဖြင့်ဆောင်ရွက်ပေး (Ending Plastic Pollution Globally)" ဆိုသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး လုပ်ငန်းများတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ နိုင်ငံအတွင်းတွင်ရှိသည့် ဌာန အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား လူငယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းအားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သွားကြပြီး ပိုမိုသန့်ရှင်းကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အမှုဆောင် ညွှန်ကြားရေးမှူး၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သဝဏ်လွှာဗီဒီယိုကို ပြသသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုကောင်းမွန်သောမြို့ ဆုရရှိသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ တာဝန်ရှိသူထံလည်း ကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ် မြင်းကပါကျေးရွာမှ တာဝန်ရှိသူထံ လည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန် သော စက်ရုံဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ Great Success Energy Co.,Ltd. (၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း) မှ တာဝန်ရှိသူ ထံလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆုများပေးအပ်ချီးမြှင့်
ဆက်လက်၍ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း(အထက်တန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ကျောင်း များကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က စိမ်းလန်းစိုပြည်သောကျောင်း (မူလတန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းများ ကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး ဗီဒီယိုနှင့် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသားမှ ပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှပေးပို့သည့် “မမြင်နိုင်သော လူသတ်သမား" PM 2.5 အကြောင်း အသိပညာပေးဗီဒီယိုတို့ကို ပြသသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်