နေပြည်တော် ဇွန် ၇

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်နှင့်အခြေခံပညာမူလတန်းမှ အထက်တန်းအဆင့် ကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများ ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် ယင်းတို့၏ ဇနီးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း များ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား ကျောင်းသူများ၏ မိဘဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ မူလတန်းအဆင့်မှ အထက်တန်း အဆင့်ကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းဖြင့် ၎င်းတို့ပညာသင်ကြားရာ၌ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ကောင်း ဖြစ်စေရေးအတွက် နှစ်စဉ်အလေးထားကာ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏ အနာဂတ်တောက်ပနိုင်စေရေးအတွက် အသိပညာများ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး ကြိုးစားသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အသိပညာ၊ ဗဟုသုတနှင့် အတွေး အခေါ်ကောင်းများရရှိစေရန် ကျောင်းသင်ခန်းစာများအပြင် သုတ၊ ရသအစုံ စာပေများကို ဖတ်ရှု လေ့လာပြီး ပညာနှင့်အတွေးအခေါ်ကောင်းများ ပေါင်းစပ်၍ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်မည့် ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစား အားထုတ်သွားကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိတို့သားသမီးများအား ကောင်းမွန်တည့်မတ် မှန်ကန်သည့် စိတ်ဓာတ်များဖြင့် အကျင့်စာရိတ္တကောင်းမွန်မြင့်မားသော ပညာတတ်များ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးစေလိုကြောင်း တိုက်တွန်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဇနီး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်ဇနီးတို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာမူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၁၅၀၄ ဦးတို့အတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ နှင့် ဗလာစာအုပ်များပေးအပ်ကာ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်