စစ်တွေ ဇွန် ၉

 

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်းတွင် အမ်ဗွီရဲထွန်းအောင်(၁) သင်္ဘောတွင် ဆန်နှင့် အခြေခံစားသုံးကုန် ပစ္စည်းများ ကုန်တင်ကုန်ချ ပြုလုပ်နေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမ်ဗွီအောင် ရတနာသီရိ(၁) သင်္ဘောနှင့် အမ်ဗွီအောင် ရတနာဌေး သင်္ဘောတို့ပေါ်မှ ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချ ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ အလားတူ စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဆိပ်ကမ်း၌လည်း အမ်ဗွီမင်းခန့်ဖြိုး သင်္ဘောပေါ်မှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချ ပြုလုပ်လျက်ရှိသည်။

 

စစ်တွေမြို့တွင် ကုန်တင်ကုန်ချ ပြုလုပ်နေသော အမ်ဗွီရဲထွန်းအောင်(၁) သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ တန်ချိန် ၈၉၉ ဒသမ ၇ တန်၊ အမ်ဗွီအောင် ရတနာသီရိ(၁) သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ တန်ချိန် ၁၁၅၀၊ အမ်ဗွီအောင် ရတနာဌေး သင်္ဘောတွင် ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ တန်ချိန် ၁၁၀၅ တန်၊ အမ်ဗွီမင်းခန့်ဖြိုး သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ တန်ချိန် ၃၃၇ တန် တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

 

ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချ ပြုလုပ်ရာ၌ ယာယီနေရပ်စွန့်ခွာ စခန်းများတွင် နေထိုင်ကြသည့် ပြည်သူများ ဝင်ရောက်လုပ်ကိုင်နေမှုနှင့် ဆက်လက်၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)