နေပြည်တော် ဇွန် ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါ လာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ လိုက်ပါ၍ ယနေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအပေါ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်း မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုသို့ ကြိုဆိုနှုတ်ဆက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ပညာတတ်များဖြစ်မှသာလျှင် အကောင်း အဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများလည်း ရရှိနိုင်မည် ဖြစ်ပြီး ဒေသနှင့် နိုင်ငံ၏အကျိုးကိုလည်း ပိုမို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေး ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် စာပေပညာ၊ လူမှုဆက်ဆံရေး အသိပညာများရရှိစေရေး သင်ကြားပေး သွားရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ဟူသည့်အတိုင်း ကလေးငယ် များအနေဖြင့် ငယ်စဉ်ကလေးဘဝကတည်းကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာပြောဆို တတ်စေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာ သင်ကြားနိုင်ရေးအတွက်လည်း စည်းရုံးဆောင်ရွက် သွားကြရန်လိုကြောင်း မှာကြားပြီး လိုအပ်ချက် များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်သည့် စာသင်ဆောင်များနှင့် ယာယီစာသင် ဆောင် ဆောက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စာသင် ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားပြီး စာသင်ဆောင်များတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးသည်။

 

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းတို့ကို ကပ်လှူ ပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအတွင်းပိုင်း၊ အပြင်ပိုင်းနှင့် စောင်းတန်းများ၊ သာသနိကအဆောက်အအုံများ၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှု၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး မြောက်ဘက်မျက်နှာစာရှိ မေတ္တာကန်၌ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်းတို့ ဆောင်ရွက်၍ ကုသိုလ်ယူကြသည်။

 

ဆက်လက်၍ စေတီတော်မြတ်ကြီးရှိ အောင်မြေ ဗောဓိဓမ္မာရုံအတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ဂေါပကအဖွဲ့ဝင်များက ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီးသမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှု ထိခိုက်ပျက်စီးခဲ့ရ မှတ်တမ်းဓာတ်ပုံများဖြင့် မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက် ပျက်စီးခဲ့ရမှု များကို မူလလက်ရာအတိုင်း ပြန်လည် ပြင်ဆင်ဆောင်ရွက်သွားရန်၊ မေတ္တာကန်ပတ်လည်၌ အရိပ်ရ အပင်များကို အတန်းလိုက်၊ အကန့်လိုက် စိုက်ပျိုးသွားရန်၊ ဘုရားစေတီများရှိ စောင်းတန်းများ တွင် ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့် နားနေနိုင်ရေး ဆောင်ရွက်ပေးသွားရန် လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော် မြတ်ကြီးအတွက် ဘက်စုံစုပေါင်းအလှူတော်ငွေများ ကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။

 

ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဘုရား၊ စေတီပုထိုးများ ပြုပြင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဘိလပ်မြေတန်ချိန် ၁၅၀၀ လှူဒါန်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတဂူဝိပဿနာကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင် သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုကာ ငလျင်ဘေးဒဏ် ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင်ရေးလုပ် ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၁၅၀၀ နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း သည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အား ငလျင်သဘာဝဘေးကြောင့် အသက်ခန္ဓာ ဆုံးရှုံးခဲ့ရသည့် ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ပြည်သူအပေါင်းတို့ ရရှိစေရန် အမျှပေးဝေ ကြသည်။

 

ဆွမ်းဦးပုညရှင်စေတီတော်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်သို့ ရောက်ရှိကြပြီး ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဓမ္မာရုံ၌ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေး ငလျင်မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံများနှင့် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်း ဓာတ်ပုံများ၊ စေတီတော်ကြီးအား ကျွမ်းကျင်ပညာရှင် များက တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်ခဲ့မှုအခြေများ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် သံကူကွန်ကရစ်ထုပ်များဖြင့် အားဖြည့်တည်ထားမည့်နမူနာပုံစံများ၊ စေတီတော် မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ နေရာချထားမည့် နမူနာပုံစံများအား ရှင်းလင်း တင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ရှေးမူမပျက် မူလပုံစံ ရူးမှုမပျက် မူလပုံစံ အတိုင်း ပြန်လည်ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ စေတီတော်မြတ်ကြီး၏ ယခင်မှတ်တမ်းဓာတ်ပုံများကို ပြန်လည်စုဆောင်း၍ သမိုင်းမှတ်တမ်းဓာတ်ပုံများ စနစ်တကျပြုစုထားရှိသွားရန်နှင့် စေတီတော်ကြီးနှင့် သာသနိက အဆောက်အအုံများ ပြန်လည် တည်ဆောက်ရာတွင် ခိုင်ခံ့မှုရှိစေရေး စနစ်တကျ တွက်ချက် တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဓမ္မာရုံတော်အတွင်းရှိ ဗုဒ္ဓရုပ် ပွားတော်မြတ်အား ဖူးမြော်ကြည် ညိုသည်။

 

စစ်ကိုင်းတံတား(အင်းဝ) ခုံးအမှတ်(၄)နှင့်(၅) ဖယ်ရှားရှင်းလင်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ)သို့ ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတံတား(အင်းဝ) ခုံးအမှတ် (၄)နှင့်(၅) အပျက်အစီးများကို ဖယ်ရှားရှင်းလင်း၍ ရေလမ်းကြောင်း ဖွင့်လှစ်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ဧရာဝတီတံတား (ရတနာပုံ)တွင် Lateral Bracing. Bearing နှင့် Pier တိုင်များ ပျက်စီးသည့် အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

မဟာမြတ်မုနိဘုရားကြီး ဖူးမြော်ကြည်ညို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညို၍ ငလျင်ဘေးဒဏ် ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူ များလှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံ ပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေး ပန်းချီများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အအုံများ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရမှုများနှင့် ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ ပြတိုက်တော်ကြီးအတွင်း၌ မန္တလေးမြို့တော်ဝန်နှင့် မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ ဥက္ကဋ္ဌတို့က ငလျင်ဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေများနှင့် ပြန်လည် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများအား မူလလက်ရာမပျက် စနစ်တကျ ဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာ ရှုထောင့်မှကြည့်၍ ပြုပြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်သွားရန်နှင့် ပြုပြင်မှုများကို စနစ်တကျမှတ်တမ်းထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးနှင့် စူဠာမုနိရုပ်ရှင်တော်မြတ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိ ရုပ်ရှင်တော်မြတ်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ဆက်ကပ် လှူဒါန်းသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စူဠာမုနိရုပ်ရှင် တော်မြတ်အား ပိုမိုကြည်ညိုသပ္ပာယ် ဖွယ်ဖြစ်စေရေးအတွက် ရွှေသင်္ကန်းတော်နှင့် ရွှေပလ္လင်တော် ကပ်လှူပူဇော်ထားရှိမှုအား ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာအတုလ ဝေယန်(အတုမရှိ)ကျောင်းတော်ကြီးဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ကျောင်းတော်ကြီးနှင့် ရုပ်ပွားတော်မြတ်များအား ပိုမိုကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်