ဇွန် ၁၁
တောင်အာဖရိကနိုင်ငံအရှေ့ပိုင်းကိပ်ပြည်နယ်တွင် ရေကြီးမှုများဖြစ်ပွားသဖြင့် ခုနစ်ဦးသေဆုံးပြီး မီနီဘတ်စ်တစ်စီး မျောပါသွားပြီးနောက် ပျောက်ဆုံးလျက်ရှိသောကျောင်းသားများအား ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင် နေဆဲဖြစ်ကြောင်း ဒေသအစိုးရအဖွဲ့က ယမန်နေ့ကအတည်ပြုပြောကြားသည်။
ဒီကိုလစ်နီကျေးရွာတစ်လျှောက်တွင် ခြောက်ဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီး ဘတ်လာနာမြစ်အနီ တီဆိုလိုမြို့တွင် ခုနစ်ဦးမြောက်ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
အအေးလွန်ကဲခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းတို့ကြောင့် ရာသီဉတု အခြေအနေများဆိုးရွားလျက်ရှိရာ လမ်းအခြေခံအဆောက်အအုံများ သိသိသာသာပျက်စီးမှု၊ ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် အရေးပါသောဝန်ဆောင်မှုများ ပြတ်တောက်မှုတို့လည်းဖြစ်ပွားခဲ့သည်။
ယနေ့မနက်အစောပိုင်းက ကျောင်းသားကျောင်းသူများကိုတင်ဆောင်လာသော မီနီဘတ်စ်ကားတစ်စီး ရေစီးနှင့်မျောပါသွားရာ ရှာဖွေမှုများဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
အရှေ့ပိုင်းကိပ်ပြည်နယ်တွင် လာမည့်ရက်များအတွင်း မိုးထပ်မံရွာသွန်းနိုင်ကြောင်း တောင်အာဖရိကမိုးလေဝသက ယမန်နေ့က သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို