ဘားအံ ဇွန် ၁၁

 

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာကြည့် တိုက်၊ အားကစား၊ အနုပညာ လှုပ်ရှားမှုများအပါအဝင် လူငယ် ရေးရာကိစ္စရပ်များ ဆောင်ရွက် နိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေကျပ် ၂၀၈၃ ဒသမ ၂၈ သန်းဖြင့် တည်ဆောက်ခဲ့သော (ပေ ၁၄၀ x ပေ၈၀) RC သုံးထပ် လူငယ်စင်တာ (Youth Center) ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ အဆိုပါ စင်တာရှေ့၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်၊ ကရင် ပြည်နယ်မှ အားကစားထူးချွန် လူငယ် နန်းသဲနုနုစံ၊ ကြက်ခြေနီ ကိုယ်စားလှယ် နန်းသင်းမြမြလှိုင် ထူး၊ ရေကြောင်းလူငယ်သင်တန်း မှ ထူးချွန်လူငယ် မင်းဦးငြိမ်း၊ ကင်းထောက်သင်တန်းသူ နန်းအံ့ဆုပြည့်ဝင်းနှင့် လူရည်ချွန် ကျောင်းသူ နန်းချောစုစုသိမ့်တို့က ကရင်ပြည်နယ်လူငယ်စင်တာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးတို့က ကရင်ပြည်နယ် လူငယ် စင်တာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဖွင့်ပွဲတွင်ပါဝင်အားဖြည့် ကူညီပေးကြသော လူငယ်မောင်မယ်ယဉ်ကျေးမှု ဒုံးအဖွဲ့များ၊ ဘင်ခရာ၊ ပန်းဖွားအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် လူငယ်စင်တာ ကမ္ပည်းမော်ကွန်းအား ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ စက် ဆက်လက်၍ ကရင်ပြည်နယ် လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားကို အဆိုပါစင်တာ အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပရာ ဘားအံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက လူငယ့် စွမ်းရည်သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် က ယနေ့ ဖွင့်လှစ်သည့်လူငယ် စင်တာကြီး ရေရှည်တည်တံ့ခိုင်မြဲ ရန်နှင့် လူငယ်စင်တာကို အသုံးပြုကြမည့် ကရင်ပြည်နယ်အတွင်းရှိလူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးကို အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်၍ ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြား ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မိတ်ဆက်အမှာစကား ပြောကြား သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီသို့ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ် ဂီတအစည်းအရုံးနှင့် ဘားအံတက္ကသိုလ် ကျောင်းသား ကျောင်းသူများက လူငယ့်အားမာန် တေးသီချင်း၊ အခြေခံပညာ ကျောင်းသား ကျောင်းသူများက ဇာတိမာန် တေးသီချင်း တို့ဖြင့် သီဆိုဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်စင်တာ ဖွင့်ပွဲအထိမ်း အမှတ်အလံနှင့် အမှတ်တရ လက်ဆောင်ကို ဒုတိယဝန်ကြီးထံ ပေးအပ်၍ အခမ်းအနားတွင် ပါဝင်အားဖြည့် ကူညီပေး ကြသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကရင်ပြည်နယ် လူငယ်စင်တာရှိ ဘိလိယက် နှင့် စနူကာ အားကစားခုံ၊ GYM ခန်းမနှင့် စားပွဲတင်တင်းနစ် အားကစားနည်းများတွင် လူငယ်များ လာရောက်လေ့ကျင့်ကစားနေမှု၊ စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ အိပ်ခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းများတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာ ရှင်၊ အတတ်ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် လူငယ်များ လေ့လာသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)