နေပြည်တော် ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇမဏိစူဠာ ကောင်းမှုတော်စေတီနှင့် ဆွမ်းဦးပုညရှင်စေတီများရှိသာသနိက အဆောက်အအုံများအား ပြန်လည် ပြုပြင် နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ နှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်တော်မူပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးရုံးချုပ် (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံ များအား ပြန်လည်ပြုပြင် မွမ်းမံဆောင်ရွက်သွားမည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်း လျှောက်ထားတင်ပြသည်။ ထို့နောက် သီတဂူဆရာ တော်ကြီးထံမှဆုံးမဩဝါဒခံယူပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံ များအား ဖယ်ရှားရှင်းလင်းထားရှိမှု အခြေအနေများ ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်း ရရှိသည်။
သတင်းစဉ်