လော့စ်အန်ဂျလိစ်  ဇွန် ၁၁

မြို့တော်ဝန် ကာရန်ဘတ်စ်သည် လော့စ်အန်ဂျလိစ်မြို့အတွက်  ဇွန် ၁၀ ရက်တွင်   ညမထွက်ရ အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အမေရိကန်သမ္မတ    ဒေါ်နယ်ထရမ့်အစိုးရက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများနှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆူပူအုံကြွမှုများမှာ လော့စ်အန်ဂျလိစ်မြို့တစ်ဝန်း ကူးစက်ပျံ့နှံ့လျက် ရှိသည်။

ဆန္ဒပြသူအချို့သည်    တရားဥပဒေစိုးမိုးရေး အဖွဲ့နှင့်  ထိပ်တိုက်ရင်ဆိုင်မှု   ဖြစ်ပွားခဲ့ကြောင်း၊ ဇွန် ၉ ရက်ညပိုင်းတွင် မြို့လယ်ကောင်ရှိ  စီးပွားရေး လုပ်ငန်းများ လုယက်ဖျက်ဆီးခံခဲ့ရကြောင်း သိရ သည်။   ဇွန် ၁၀ ရက်က   စီးပွားရေးလုပ်ငန်းများ  ထိခိုက်ပျက်စီးခြင်းနှင့်   လုယက်ဖျက်ဆီးခြင်း တို့မှ ကာကွယ်ရန် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဘတ်စ်က သတင်းထောက်များကို ပြောသည်။

ညမထွက်ရအမိန့်ကို ရက်အတန်ကြာ ဆက်လက်ထုတ်ပြန်ထားဖွယ်ရှိကြောင်း ၎င်းက ဆက်ပြော သည်။ ဆန္ဒပြသူများသည် ဇွန် ၁၀ ရက်တွင် ပဉ္စမနေ့အဖြစ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ဆန့်ကျင်ဆန္ဒပြသူများသည် ထရမ့်က အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထား ရန် အမိန့်ပေးခဲ့သည့် ဖက်ဒရယ်အဆောက်အအုံအနီးတွင် ဆက်လက်စုဝေးခဲ့ကြကြောင်း သိရသည်။                                                     

အင်န်အိတ်ချ်ကေ