ရန်ကုန် ဇွန် ၁၁
၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ဇွန် ၁၁ ရက်က ဗီယက်နမ် နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက လာအိုအသင်းကို ခြောက်ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးရှိလာသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် လာအိုအသင်းကို ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးရှိလာသည်။ အဖွင့်ပွဲတွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်ခဲ့သဖြင့် အုပ်စုပထမဖြစ်ခွင့် ဆုံးရှုံးလုနီးပါးဖြစ်သွားသည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ် တက်ရောက်ရန် လက်ကျန်နှစ်ပွဲကို အာရုံစိုက်ကစားနေပြီး နောက်ဆုံးပွဲတွင် တီမောအသင်းကို အနိုင်ရပါက နောက်တစ်ဆင့် တက်ရောက်ခွင့်ရနိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ်နှင့်ကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ထားပြီး မတူညီသည့် လူစာရင်းဖြင့် ပွဲထွက်လာကာ လှလှထွေး(ဂိုး)၊ မင်းမင်းနု၊ သီရိနန္ဒာစိုး၊ ယုယုနိုင်၊ သဲအိလှိုင်၊ နှင်းစန္ဒာဝင်း၊ ကေသွယ်ဖြိုးဦး၊ အိသက်ဖြိုး၊ ဒေစီအောင်၊ စုစုခင်၊ ယဉ်လွန်းအိမ်တို့ကို အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး ၁၈ မိနစ်တွင် အဖွင့်ဂိုးစတင် သွင်းယူနိုင်ခဲ့ကာ ပထမပိုင်းမှာပင် သုံးဂိုးပြတ် အနိုင်ရ နေသည်။ ပထမပိုင်းတွင် မြန်မာအသင်းအတွက် ဂိုးများကို ၁၈ မိနစ်တွင် ဒေစီအောင်၊ ၂၈ မိနစ်တွင် စုစုခင်နှင့် ၄၃ မိနစ်တွင် ယဉ်လွန်းအိမ်တို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်း ကသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၄၆ မိနစ်တွင် ဒေစီအောင်၊ ၅၆ မိနစ်တွင် စုစုခင်၊ ၇၂ မိနစ်တွင် အေးအေးစိုးတို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန် ၁၃ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ သော်လေး