မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာ(မိုး)သီးနှံကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

နေကြာ(မိုး)သီးနှံကို မတ်လနှင့်ဧပြီလများတွင် စိုက်ပျိုးကြပြီး ဇူလိုင်လတွင် ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဆင်းရွှေကြာ (၁-၂)မျိုး နှင့် ရေဆင်းစပ်မျိုး-၁ မျိုးများကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးလျက် ရှိရာ တစ်ဧကလျှင် မျိုးစေ့ ၄-၅ ပြည်ခန့် ကုန်ကျပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၅-၂၆ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုအချိန်တွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း နေကြာသီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)