မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသ တစ်ခုဖြစ်ပြီး လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ပဲတီစိမ်း (မိုးကြို)သီးနှံများကို ကျောက်ဆည်မြို့နယ်တွင် ၃၂၉၆ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၃၉၆၁ ဧက၊ မြစ်သားမြို့နယ်တွင် ၆၀၇ ဧက၊ စုစုပေါင်း ၇၈၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ပဲတီစိမ်း(မိုးကြို) သီးနှံများကို မတ်လတွင် စိုက်ပျိုးကြပြီး ယခု အချိန်တွင် လှိုင်လှိုင်ထွက်ပေါ် လျက်ရှိကြောင်း၊ ပဲတီစိမ်းမျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း- ၁၁ မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၅-၆ ပြည်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ငါးသိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပဲတီစိမ်း ၁၀-၁၁ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်မြို့ရှိပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့ တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ပဲတီစိမ်းအထွက်နှုန်းနှင့် ဈေးနှုန်းများ ပိုမိုကောင်းမွန်ပါက အကျိုး အမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)