နေပြည်တော် ဇွန် ၁၂

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ကင်ပွန်း တန်းကျေးရွာအုပ်စု ကင်ပွန်းတန်းကျေးရွာတွင် ပြုလုပ်သောသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုး ထည့်သွင်းခြင်းအခမ်းအနား တက်ရောက်သည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီး တောင်သူများအတွက် မျိုးစပါး နှင့် ဓာတ်မြေဩဇာများ ပေးအပ်ကာ ကင်ပွန်းတန်း ကျေးရွာ ကွင်းအမှတ် ၁၆၉၂ ရှိ တောင်သူ ဒေါ်မြင့်မြင့် အေးနှင့် ဦးနိုင်စိုးတို့၏ စိုက်ဧက ၂၅ ဧကတွင် မြေဆီလွှာအာဟာရထက်သန်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းနေမှုကို ကြည့်ရှု အားပေးသည်။

 

ယင်းနောက် ပျဉ်းမနားမြို့နယ် သနပ်ပင်ဆိပ် ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမ၌ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနှင့် ရွှေသီးနှံဆန်စက်တို့ ပူးပေါင်း ဆောင်ရွက်သည့် စပါးခွံမြေဆွေးနှင့် ကြံမြှုပ်ချေး ပြုလုပ်ထားရှိမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်တံတား တံတားချဉ်းကပ်လမ်းနှင့် ကျောက်စီမြေထိန်းနံရံ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ရေစီးဒဏ်ခံနိုင်ရေး၊ ရေရှည် ခိုင်ခံ့မှုရှိအောင်ဆောင်ရွက်ရေး မှာကြားသည်။

 

ဆက်လက်၍ ပျဉ်းမနားမြို့နယ် ဝဲကြီးကျေးရွာ ပညာဥယျာဉ် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာ နေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေး၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စာကြည့်တိုက်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများနှင့် စာအုပ်စာစောင်များကို လည်းကောင်း၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွက် MRTV DVB-T2 Set Top Box တစ်စုံ၊ စာအုပ်စာစောင်များကို လည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက စာကြည့်တိုက်ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့သည့် ရှမ်းအိုးစည်အဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်သည်။

 

ယင်းနောက် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲပထမအဆင့် ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး စိမ်းစားပင်ကွင်းနှင့် ပင်လောင်းလမ်းဆုံအနီး စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)