မုံရွာ ဇွန် ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ (၃၁)ကြိမ်မြောက် သင်တန်းသား သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲတွင် ပထမ၊ ဒုတိယနှင့် ဆာတိယဆုရရှိကြသည့် ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုလက်မှတ်များ ပေးအပ်ချီးမြှင့် ကြပြီး မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအတွက် ငွေကျပ် ၁၀ သိန်းကို ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်သည်။

 

ထို့နောက် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး သူနာပြုသားဖွားဒီပလိုမာ (ပထမ)နှစ် သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းကြသည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့ရှိ တိုင်းဒေသကြီး =အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်း မြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အစည်းအဝေးသို့ တက်ရောက်သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရာခိုင်နှုန်း တိုးတက်မြင့်မားရေးနှင့် မကြာမီပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပညာရေးမှူးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းအပ် လက်ခံရရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ခရိုင်အလိုက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်း မြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)