ကျောင်းကုန်း ဇွန် ၁၂

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် ကျောင်းအိုင် အုပ်စု ကျောင်းအိုင်ကျေးရွာ လင်းလက်နေခြည် စာကြည့်တိုက်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိကာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးရာ ဝန်ကြီး ဦးခင်မောင်ကြည်နှင့် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

 

ထို့နောက် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်က စာအုပ်စာစောင်နှင့် အလှူငွေကျပ်သုံးသိန်း လှူဒါန်းရာ စာကြည့်တိုက်မှူး ဦးအောင်မြင့်သန်းက လက်ခံရယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်မောင်+ ဒေါ်ခင်မာနီ သုခကြွယ်မိသားစုမှ စာအုပ်စာစောင်နှင့် အလှူငွေကျပ် တစ်သိန်း လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပေါက်ကျိုင်းက လက်ခံရယူသည်။

 

အဆိုပါ လင်းလက်နေခြည် စာကြည့်တိုက်အား မြန်မာနိုင်ငံ စာကြည့်တိုက်များ တိုးတက်ရေး ကော်မတီမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀ နှင့် အလှူရှင်မှ လှူဒါန်းငွေကျပ် ၆၅ သိန်း စုစုပေါင်း ငွေကျပ် ၂၁၅ သိန်းဖြင့် အလျားပေ ၂၀၊ အနံ ၁၉ ပေ၊ အမြင့် ၁၃ ပေဖြင့် ဆောက်လုပ်ထားသည်။ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာအား အလှူရှင် အဘွား ဖီနန့်ပွား လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)