ရန်ကုန် ဇွန် ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အမှတ်(၁၈-A)၌ စာဆိုဗိမာန် သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်ခန်းမ၌ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် စာဆိုဗိမာန်ကို တာဝန်ယူတည်ဆောက် နေသည့် Myanmar Land & Development Ltd Project Director တို့က စာဆိုဗိမာန် အဆောက်အအုံ ၅၂ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ခေတ်မီအဆောက်အအုံ ဖြစ်ရန်လိုအပ်
ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်အဆောက်အအုံကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရန်နှင့် အရည်အသွေးနှင့် ကြံ့ခိုင်မှုအပိုင်း ကို အထူးဂရုပြုရန်လိုအပ်ကြောင်း၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကလည်း အထူးကြပ်မတ် စစ်ဆေးရန် လိုအပ်ကြောင်း၊ စာဆိုဗိမာန်တွင် စာပေ၊ ဂီတ၊ သဘင်နှင့်ပတ်သက် ပြီး ပြသနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်ကြီးများ၏ အကြံဉာဏ်ကိုရယူကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြစေ လိုကြောင်း၊ ပြတိုက်အတွင်းပြသမည့် ပစ္စည်းများကိုလည်း အချိန်မီစုဆောင်းထားရန် လိုအပ်ကြောင်း၊ စာဆိုဗိမာန်ကို အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ စာဆို ဗိမာန် အဆောက်အအုံကို ခံ့ညားထည်ဝါပြီး ခေတ်မီအဆောက်အအုံဖြစ်ရန် လိုအပ်ကြောင်း၊ စာဆို ဗိမာန် အဆောက်အအုံ ဝင်းအတွင်း/ အပြင် သာယာလှပစေရန် သစ်ပင်၊ ပန်းမန်အလှပင်များ စနစ်တကျ စိုက်ပျိုး ထားရှိရေး၊ အရည်အသွေး ပြည့်မီသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အသုံးပြု ဆောင်ရွက်ရေး၊ နိုင်ငံတော်အဆင့် အဆောက်အအုံဖြစ်သည့်အပြင် အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် အဆောက်အအုံဖြစ်သည့်အတွက် စာဆိုဗိမာန်ကို စနစ်တကျဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာဆိုဗိမာန်သုံးထပ် (RC)အဆောက်အအုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုအားပေး
ညနေပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးဝင်းအတွင်းရှိ သီးခြားအဆောက်အအုံ၌ BBTV ကုမ္ပဏီမှငှားရမ်း၍ MYANSAT DTH ထုတ်လွှင့်ရေး လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ BBTVကုမ္ပဏီမှ Vice Chairman ဦးသန့်ဇင်က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစ၍ MYANSAT DTH ထုတ်လွှင့်မှုကို အခမ်းအနားဖြင့် ဖွင့်လှစ်၍ ပြည်တွင်းထုတ်လုပ်မှု ရုပ်သံလိုင်း ၁၆ လိုင်းနှင့် ပြည်ပထုတ်လုပ်မှု ရုပ်သံလိုင်း ၁၄၀ စုစုပေါင်းရုပ်သံလိုင်း ၁၅၆ လိုင်းကို အခပေးစနစ် ဖြင့် ထုတ်လွှင့်နေပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး မြို့ကြီး သုံးမြို့တွင် ဖြန့်ချိရေး ကိုယ်စားလှယ်များ ထားရှိဆောင်ရွက်နေပါကြောင်း ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြဋ္ဌာန်းထားရှိသည့် ရုပ်သံထုတ်လွှင့်မှုဥပဒေအပါအဝင် တည်ဆဲ အခြားဥပဒေ၊ နည်းဥပဒေများနှင့် Update ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်မှုကို ဂရုပြု လိုက်နာဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပြည်ပဇာတ်လမ်းတွဲများ ပြသစဉ် မြန်မာစာတမ်းပြေးဖြင့် ဖော်ပြပေးရန် လိုကြောင်း၊ နိုင်ငံနှင့်ပြည်သူအတွက် အားကိုးအားထားဖြစ်စေမည့် မီဒီယာလုပ်ငန်းကြီး တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် MYANSAT DTH ထုတ်လွှင့်ရေး လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။
သတင်းစဉ်