နေပြည်တော် ဇွန် ၁၄

 

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် မန္တလေး ငလျင်ကြီးကြောင့် အင်းလေးဒေသ ကျေးရွာများအတွင်းရှိ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်တည် ဆောက်လျက်ရှိသည့် အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ရောက်ရှိပြီး စီမံကိန်း ဧရိယာအတွင်းရှိ ရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေသွယ်မြောင်းနှင့် ရေထိန်းကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်း အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။  အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ကွန်ကရစ်တမံ (Overflow Type) တည်ဆောက်ပြီး အမှတ်(၁)စက်ရုံ မှ ၂၀ ဒသမ ၄ မဂ္ဂါဝပ်နှင့် အမှတ် (၂)စက်ရုံမှ ၁၀ မဂ္ဂါဝပ်စုစုပေါင်း စက်တပ် ဆင်အင်အား ၃၀ ဒသမ ၄ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ပြီး နှစ်စဉ် ပျမ်းမျှလျှပ်စစ်ဓာတ်အားကီလို ဝပ်နာရီသန်းပေါင်း အမှတ်(၁)စက်ရုံမှ ၉၀ ဒသမ ၁ သန်းနှင့် အမှတ် (၂) စက်ရုံမှ ၄၄ ဒသမ ၃ သန်းထုတ်လုပ်ပြီး နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၄၅ ရာခိုင် နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပြီး ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ပြန်လည်ပြုပြင်

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ပျက်စီး သွားခဲ့သည့် အင်းလေးဒေသ၊ ကြာတောကျေးရွာ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး ခဲ့မှုအခြေအနေများ၊ ပြုပြင်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ကေလာကျေးရွာနှင့် အုန်းပင် ကျေးရွာတို့၌ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများအား ညောင်ရွှေ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကျွမ်းကျင်ဝန်ထမ်းများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ထို့နောက် အင်းလေး ဖောင်တော်ဦးဘုရားအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း၍ ပင်မကျောင်း ဆောင်ဒေါက်တိုင်များ ပြုပြင်ဆောင်ရွက်နေမှု၊ ဝရန်တာ နှင့် အခြားချို့ယွင်းပျက်စီးသွားမှုများကို ပြန်လည်ပြုပြင်ရန် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်