နေပြည်တော် ဇွန် ၁၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၃ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင်တမံ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များသည် သတ်မှတ်နေရာများ၌ ရတနာတန်းဝင် ကျွန်းပင်များနှင့် မန်ဂျန်ရှားပင်များကို စိုက်ပျိုးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သတ်မှတ်နေရာများတွင် ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ မိုးရာသီ သစ်ပင်စိုက်ပျိုးမှုများကို ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်ပေးခြင်းသည် ဆည်တမံဝန်းကျင် စိမ်းလန်း စိုပြည်ရေးသာမက ဒေသ၏ သဘာဝရာသီဥတု ညီညွတ်မျှတရေးကို အထောက်အကူဖြစ်စေမည့် သစ်ပင်သစ်တောများအဖြစ် ကောင်းစွာ ရှင်သန်ဖြစ်ထွန်းစေသည့်အတွက် ဂရုတစိုက်ပြုစု ထိန်းသိမ်းသွားကြရန် တာဝန်ရှိသူများ အားမှာကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း ၂၀၆ ပင်၊ မန်ဂျန်ရှားပင် ၁၀၀ စုစုပေါင်း ၃၀၆ ပင် စိုက်ပျိုးခဲ့ကြကြောင်း၊ ယမန်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရေဆင်းရေလှောင်တမံ ဧရိယာ၌ စိုက်ပျိုးခဲ့သည့် နှစ်ရှည် ပင်များ၏ ၈၅ ရာခိုင်နှုန်းမှာ ကောင်းစွာ ရှင်သန်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းတက္ကသိုလ် နယ်မြေအတွင်း ယာယီ အဆောက်အအုံများတွင် နေထိုင်ကြသည့် ဝန်ထမ်းများကို နေရာအလိုက်သွားရောက်ကြည့်ရှု အားပေးပြီး မွေ့ရာနှင့် ခေါင်းအုံး များပေးအပ်သည်။

 

ယင်းနောက် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်ရေသောက် ပင်လောင်းလမ်းဆုံအနီးရှိ နေပန်-လပန် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းများမှ တောင်သူများ ရက် ၉၀ စပါးခင်းရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေး ကာ တောင်သူများ လုပ်ဆောင်ရန် လိုအပ်ချက်များကို ပေါင်းစပ်ရှင်းလင်းမှာကြားခဲ့ကြောင်းနှင့် ရိတ်သိမ်းရမည့်အချိန် တွင်မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် အချိန်မီ ရိတ်သိမ်းနိုင်မှု မရှိ၍ တစ်ဧက ပျမ်းမျှ တင်း ၉၀ ကျော်သာထွက်ရှိပြီး နှံကောက် စပါးများမှာ တစ်ဧက ပျမ်းမျှတင်း ၁၃၀ ကျော် ထွက်ရှိကြောင်း နှင့် ဆက်လက်ရိတ်သိမ်းဆဲဖြစ်ကြောင်း သိရသည်။

သတင်းစဉ်