နေပြည်တော် ဇွန် ၁၅
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ဝင်တဲကူးကျေးရွာ ရွာဦးကျောင်းတိုက် ကျောင်းထိုင် ဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ဝင်တဲကူး ကျေးရွာအုပ်စု သစ်တောကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ၂ဝ၂၅-၂၀၂၆ ခုနှစ် မိုးစပါးနှင့် ဆီထွက်သီးနှံများအတွက် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများထံ သွင်းအားစု များပေးအပ်ကြသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ကန်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အား စခန်းသွင်းလေ့ကျင့် သင်ကြားနေမှုကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ အားပေးစကား ပြောကြား၍ စားသောက်စရိတ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ပြန်လည် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးသို့တက်ရောက်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပျဉ်းမနားမြို့နယ် ကျီးဖြူရိုးကျေးရွာ ရွာဦးကျောင်း တိုက်ဆရာတော်အား ဖူးမြော် ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော ကျောင်းဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)