ကွန်ကာကဖ် ရွှေဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် အုပ်စု (က) မှ မက္ကဆီကိုနှင့် ဒိုမီနီကန်အသင်း ပွဲစဉ်ကို ဇွန် ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆိုဖီအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မက္ကဆီကိုအသင်းက အကြိတ်အနယ်ကစား ပြီး သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မက္ကဆီကိုအသင်းသည် ပြိုင်ဘက် ဒိုမီနီကန်အသင်း၏ တုံ့ပြန်ကစားပုံ ကောင်းမွန်မှုကြောင့် မိနစ် ၄၀ ကျော်သည်အထိ သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။
မက္ကဆီကိုအသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သော ရာအူးဂျင်မီနက်ဇ်သည် မက္ကဆီကို အမျိုးသား အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် သွင်းဂိုး ၄၀ ဖြင့် တတိယနေရာသို့ တက် လှမ်းနိုင်ခဲ့သည်။
မက္ကဆီကိုအသင်းအတွက် သွင်းဂိုးများကို အယ်ဗာရက်ဇ်၊ ဂျင်မီနက်ဇ်နှင့် မွန်တီတို့က သွင်း ယူပေးခဲ့သည်။ ပြိုင်ဘက်ဒိုမီနီကန်အသင်းအတွက် သွင်းဂိုးများကို ဂွန်ဇာလက်ဇ်နှင့် အက်ခွန်နာတို့ က သွင်းယူပေးခဲ့သည်။
လာမည့်ပွဲစဉ်တွင် မက္ကဆီကိုအသင်းက ဆူရာနမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒိုမီနီကန် အသင်းက ကော့စတာရီကာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မက္ကဆီကိုနှင့် ဒိုမီနီကန်အသင်းတို့သည် ကွန်ကာကဖ် ရွှေဖလားပြိုင်ပွဲ အုပ်စု (က) တွင် ကော့စတာရီကာ၊ ဆူရာနမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
မိုးဇက် - စုစည်းရေးသားသည်