ကင်ရှာဆာ ဇွန် ၁၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏မြို့တော် ကင်ရှာဆာတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၉ ဦးခန့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဇွန် ၁၆ ရက်တွင် ဒေသအာဏာပိုင်များက ပြောသည်။
ခြောက်သွေ့ရာသီတွင် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများကြောင့် မြို့တော်တွင်လမ်းများ ရေလွှမ်း မိုးမှုဖြစ်ပွားခြင်း၊ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
ဘေးလွတ်ရာတိမ်းရှောင်ရေးနှင့် ယာယီနေရာချထားရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း ကင်ရှာဆာမြို့တော်အုပ်ချုပ်ရေးမှူး ဒန်နီရယ် ဘွမ်ဘာက ပြောသည်။ ထို့အပြင် သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြရန် ၎င်းက ဒေသခံများကို တိုက်တွန်းထားသည်။
ကွန်ဂိုနိုင်ငံသည် လက်ရှိတွင် ခြောက်သွေ့ရာသီဖြစ်သော်လည်း မိုးရေချိန် ၉၀ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း၊ ယင်းမှာ မကြာသေးမီနှစ်များအတွင်း ယခုကဲ့သို့ အချိန်အခါတွင် အမြင့်မားဆုံး မိုးရေချိန်ပမာဏဖြစ်ကြောင်း မိုးလေဝသအာဏာပိုင်များ၏ ပြောကြားချက်ကို ဒေသမီဒီယာများက ကိုးကားဖော်ပြ ထားသည်။
ကွန်ဂိုနိုင်ငံ၏ မိုးရာသီမှာ ပုံမှန်အားဖြင့် နိုဝင်ဘာလမှ မေလအထိဖြစ်ကြောင်း သိရသည်။
လာမည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လူဦးရေ ၁၇ သန်းခန့်ရှိသော မြို့တော်ကို ထိခိုက်ပျက်စီးမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားသည်။
ဆင်ဟွာ