နေပြည်တော် ဇွန် ၁၇

 

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် H-1 လမ်းမကြီးဘေး၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပိတောက်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ပိတောက်၊ ဆီသပြေနှင့် ပန်းမဲဇလီ စုစုပေါင်း အပင် ၆၅၀ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး ကျောင်းအတွင်း ကွန်ကရစ်လမ်းများတွင် ရေညှိများ ဖယ်ရှားရှင်းလင်းထားရေး၊ ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းအားကစား ကွင်းအဆင့်မြှင့်တင် ပြုပြင် ဆောင်ရွက်ရေးတို့ကို မှာကြားကာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေနှင့်စားသောက် ဖွယ်ရာများ ပေးအပ်သည်။

 

ထို့နောက် လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမသို့ သွားရောက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း(၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ One Stop Service ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး One Stop Service ဖြင့် ပြုလုပ်ပေးသော နိုင်ငံသားစိစစ်ရေးကတ်များ အားပေးအပ်သည်။

 

ဆက်လက်၍ လယ်ဝေးမြို့ သီရိရတနာမြို့မဈေး သို့သွားရောက်၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဈေးသူ ဈေးသားများနှင့် ပြည်သူလူထု များအား အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်နှင့် ဘေးအန္တရာယ်ရှိအမှိုက်များ ခွဲခြားစွန့်ပစ် ခြင်း အသိပညာပေး သရုပ်ပြပွဲဆောင်ရွက်နေမှုကို တက်ရောက်အားပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်း ထွန်းဦးသည် လယ်ဝေးမြို့ ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် လမ်းဘေးဝဲယာ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)