မော်လမြိုင် ဇွန် ၁၇

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဈေးများနှင့် ဌာနဆိုင်ရာရုံးများတွင် ပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်နိုင်စေရန်ရည်ရွယ်၍ အမှိုက်များ စနစ်တကျခွဲခြား စွန့်ပစ်တတ်စေရန် အသိပညာပေး သရုပ်ပြသ ဆောင်ရွက်ခြင်းကို ဇွန် ၁၇ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ စုပေါင်းရုံး၌ အသိပညာပေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှူး ဦးသက်နိုင်က ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူများ မိမိနေအိမ်မှစတင်၍ မိမိပတ်ဝန်းကျင်၊ ကျောင်းများတွင် အမှိုက်ကို စနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရေး ပလတ်စတစ်အမှိုက်အတွက် အပြာရောင်ပုံး၊ အမှိုက်စိုအတွက် အစိမ်းရောင်ပုံး၊ အမှိုက်ခြောက်အတွက် အဝါရောင်ပုံးနှင့် အန္တရာယ်အမှိုက်အတွက် အနီရောင်ပုံးများဖြင့် စနစ်တကျ စွန့်ပစ်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)