ရန်ကုန် ဇွန် ၁၈
MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၉) ဒုတိယနေ့ကို ဇွန် ၁၈ ရက်က ဆက်လက်ကျင်းပရာ ထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ပြီး အား/ကာ သိပ္ပံအသင်း ဒုတိယနေရာ ရောက်လာသည်။
တက္ကသိုလ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက် တက်အသင်းသည် ပထမပိုင်းတွင် ဂိုးမသွင်း နိုင်ဘဲ ဒုတိယပိုင်းမှ နှစ်သင်းပေါင်း လေးဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဂိုးများကို ၅၇ မိနစ်တွင် အားရွယ်၊ ၆၂ မိနစ်တွင် လမင်းပြည့်စုံ၊ ၈၈ မိနစ်တွင် ခွန်းချိုထူးတို့က သွင်းယူပြီး ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၄ မိနစ်တွင် ရဲထက်အောင်က သွင်းယူခဲ့သည်။ ကိုးပွဲစီကစားအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂၄ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက ရှစ်မှတ် ရရှိထားသည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက မဟာယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှစ်မိနစ်တွင် ရဲလင်းဦးက မဟာယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူသော်လည်း အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို ၂၂ မိနစ်တွင် စောအောင်မျိုးဦး နှင့် ၃၂ မိနစ်တွင် မာတီးနိုတို့က သွင်းယူခဲ့သည်။ ကိုးပွဲစီကစားအပြီးတွင် အား/ကာသိပ္ပံအသင်းက ၂၂ မှတ်၊ မဟာယူနိုက်တက်အသင်းက တစ်မှတ်ရရှိထားသည်။
ပွဲစဉ်(၉) တတိယနေ့ကို ဇွန် ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏလေ့ကျင့်ရေး ကွင်း-၁ ၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် Dagon Port အသင်း၊ ပဒုမ္မာကွင်း၌ ရာမည ယူနိုက်တက်အသင်းနှင့် Falcon အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သော်လေး
ဓာတ်ပုံ-MNL