ဝါရှင်တန် ဇွန် ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံအတွင်း၌ တစ်တော့ခ်သုံးစွဲမှုကာလကို တတိယအကြိမ် တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံအတွင်း တစ်တော့ခ်အက်ပလီကေးရှင်းသုံးစွဲမှုကို ရပ်ဆိုင်းရန် ByteDance ကုမ္ပဏီ၏ နောက်ဆုံးသတ်မှတ်ရက်ကို သက်တမ်းတိုးရွှေ့ဆိုင်းပေးမည်ဖြစ်ပြီး အမေရိကန်တွင် ဆက်လက် လည်ပတ်နိုင်စေရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါသက်တမ်းတိုးမှုသည် ရက်ပေါင်း ၉၀ ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ပြည်သူများသည် ဒေတာအချက်အလက်များကို လုံခြုံစိတ်ချမှုဖြင့် တစ်တော့ခ်ကို ဆက်လက်သုံးစွဲနိုင်စေရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုသက်တမ်းတိုးမြှင့်မှုသည် ဇန်နဝါရီလတွင် ဒေါ်နယ်ထရမ့် သမ္မတရာထူးတာဝန်ယူပြီးနောက် တတိယအကြိမ်သက်တမ်းတိုးခြင်းဖြစ်သည်။
တစ်တော့ခ်သုံးစွဲမှုကို ၇၅ ရက်ကြာခွင့်ပြုပြီးနောက် ပိတ်ပင်မည့်အမိန့်တစ်ရပ်ကို ကနဦးတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဧပြီလတွင် နောက်ထပ် ၇၅ ရက်သက်တမ်းတိုးခွင့်ကို ခွင့်ပြုခဲ့သည်။ နောက်ဆုံး သက်တမ်းတိုးမှုသည် ဇွန် ၁၉ ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ထရမ့်သည် ၎င်း၏ပထမသက်တမ်းတွင် ByteDance ကုမ္ပဏီ၏ အမေရိကန်၌ လည်ပတ်လျက် ရှိသည့် လုပ်ငန်းဆောင်ရွက်မှုများကို အမေရိကန်ကုမ္ပဏီတစ်ခုသို့ မရောင်းချပါက အမေရိကန်တွင် တစ်တော့ခ်အက်ပလီကေးရှင်းကို ထိရောက်စွာတားမြစ်ရန် ကြိုးပမ်းသည့်အမိန့်ကို လက်မှတ် ရေးထိုးခဲ့သည်။ သို့သော် အဆိုပါအမိန့်သည် အသက်ဝင်ခဲ့ခြင်းမရှိပေ။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် တစ်တော့ခ်ကို ရောင်းချရန် ByteDance ကုမ္ပဏီအား ရက်ပေါင်း ၂၇၀ အချိန်ပေးသည့် ဥပဒေတစ်ရပ်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ဥပဒေအရ လိုက်နာရန် ပျက်ကွက်ပါက အက်ပဲနှင့် ဂူဂဲကဲ့သို့သော အက်ပ်စတိုးအော်ပရေတာများသည် ယခုနှစ် ဇန်နဝါရီ ၁၉ ရက်မှစ၍ ၎င်းတို့၏ပလက်ဖောင်းများမှ တစ်တော့ခ်ကို ဖယ်ရှားရမည် ဖြစ်သည်။
သို့သော် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယသက်တမ်းအတွက် ရာထူးတာဝန်များ မထမ်းဆောင်မီ တစ်ရက်အလို ဇန်နဝါရီ ၁၉ ရက်တွင် တစ်တော့ခ်အား သုံးစွဲခွင့်ကို ပြန်လည် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်