ဇွန် ၁၉
မွန်ဂိုလီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် နှစ်အစပိုင်းမှစတင်ကာလက်ရှိအချိန်အထိ ရေနှင့်ဆက်စပ်သည့်မတော်တဆမှုများ ဖြစ်ပွားမှုကြောင့် ၁၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားအဆင့်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ အင်န်အီးအမ်အေက ယမန်နေ့ကပြောကြားသည်။
အဆိုပါမတော်တဆဖြစ်ပွားမှုများတွင် ကလေးငယ်လေးဦးနှင့် အရွယ်ရောက်သူ ၁၂ ဦးတို့သေဆုံးခဲ့သည်ဟု အင်န်အီးအမ်အေက ဆိုသည်။
နိုင်ငံအတွင်းရှိ အဓိကမြစ်ကြီးများဖြစ်သော စီလန်ဂီ၊ အော့ဟွန်၊ ခြူလ်အွတ်နှင့် တူလ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေမျက်နှာပြင်သတိပေးချက်အဆင့် ၅ မှ ၁၅ စင်တီမီတာသို့ကျော်လွန်ခဲ့ရာ ရေကြီးရေလျှံမှုများဖြစ်ပွားမှုမှကာကွယ်ရန်အလို့ငှာ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြရန် ပြည်သူများအား အင်န်အီးအမ်အေက တိုက်တွန်းပြောကြားသည်။
၂၀၂၄ ခုနှစ်က ရေနှင့်ဆက်စပ်သည့်မတော်တဆဖြစ်ပွားမှုများကြောင့် ကလေးငယ် ၁၄ ဦး အပါအဝင် စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့သည်ဟု ထိုအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို