အင်းတော် ၁၂ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား သွားကားလမ်း နဘားလမ်းဆုံ နေရာမှ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက် ညနေ ၆ နာရီခွဲခန့်က အင်းတော်မြို့နယ်၊ နဘားနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးသက်နိုင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ နဘားလမ်းဆုံနေရာတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ဝင်းမော် မောင်းနှင်ပြီး မောင်ထွေး၊ ပြည့်ဖြိုးဇော်နှင့် ကျော်နိုင်တို့ လိုက်ပါလာသော 7H/------- ယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်ပေါ်မှ တရားမဝင် ဖြတ်တောက် ကျောက်စိမ်းအပိုင်း ၆၃၀၊(အလေးချိန် ၃၁ ပိဿာ) အား ရှာဖွေတွေ့ရှိရသဖြင့် တရားမဝင် ကျောက်စိမ်းအပိုင်းစများ တင်ဆောင်လာသူ ဝက်လက်မြို့နယ် ပြွန်ဦးကျေးရွာနေ ဝင်းမော်၊ကျော်နိုင်၊ ဝက်လက်မြို့နယ်၊ လက်ပံကြီးကျေးရွာနေမောင်ထွေးနှင့် မြင်းမူမြို့နယ်၊ နားပဲကျေးရွာနေ ပြည့်ဖြိုးဇော်တို့ ၄ ဦးအား နဘားနယ်မြေရဲစခန်းမှ ကျောက်မျက်ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း ဒုရဲအုပ်မျိုးသက်နိုင်ထံမှ သိရှိရပါသည်။
လူအောင်(ကသာ)