ရန်ကုန်  ဇွန်  ၁၉

၂၀၂၅ MNL League Cup ပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ကို ဇွန် ၁၉ ရက်က  ဆက်လက် ကျင်းပရာ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ဆီမီးဖိုင်နယ်တက်ရောက် သွားသည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း တို့ သာမန်ပွဲကစားချိန်  မိနစ်  ၉၀၊ အချိန်ပို မိနစ် ၃၀ တို့တွင် ဂိုးမရှိသရေကျနေသဖြင့် ပယ်နယ် တီဖြင့်  ဆုံးဖြတ်ရာ ရန်ကုန်ယူနိုက်တက်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  ရန်ကုန် ယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမားများနှင့် လက်ရွေးစင်အဆင့် ကစားသမား အများစု ပါဝင်သော်လည်း ဟံသာဝတီအသင်းကို ပွဲချိန်အတွင်း  အနိုင်ရရန် ရုန်းကန်ခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်မှသာ ဂိုးသမား ဇင်ညီညီအောင်၏ လက်စွမ်းပြမှုဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာပြီး အပြန်အလှန်   တိုက်စစ်ဆင်နိုင်သော် လည်း ဂိုးမသွင်းနိုင်သဖြင့် ပယ်နယ်တီအထိ ရောက်ခဲ့ရခြင်းဖြစ်သည်။ ပယ်နယ်တီကန်သွင်းရာတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ   ဇော်ဝင်းသိန်း၊ အောင်မျိုးခန့်နှင့်  မျိုးဆက်ပိုင်တို့  ဂိုးဝင်ပြီး  ကောင်း စည်သူ၏ ကန်သွင်းချက် ဂိုးဘားတန်းပေါ်  ကျော်သွားခဲ့သည်။   ဟံသာဝတီယူနိုက်တက်အသင်းမှ  မောင်မောင်စိုး တစ်ဦးတည်းသာဂိုးဝင်ပြီး သူရဇော်၊ မင်းထူးအိမ်လင်းနှင့် ဝင်းမိုးကျော်တို့၏ ကန်သွင်းချက်များကို ရန်ကုန်ဂိုးသမား ဇင်ညီညီအောင် ကာကွယ်နိုင်သဖြင့် ရန်ကုန်ယူနိုက်တက် အသင်း  အနိုင်ရခဲ့ခြင်းဖြစ်သည်။

YUSC ကွင်း၌  ကျင်းပသည့်ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းက    ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင် ရခဲ့သည်။ နည်းပြချုပ်သစ် ဦးချစ်နိုင် လက်ထက်တွင် အသင်းကစားပုံရော ရလဒ် ပိုင်းပါ တိုးတက်လာသည့် ဧရာဝတီယူနိုက်တက်အသင်းသည်  ပြင်ဆင်မှုများစွာ  ပြုလုပ်ထားသည့် ရခိုင်ယူနိုက်တက်အသင်းကို  ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့သည်။    ဧရာဝတီယူနိုက်တက်အသင်းအတွက်  အနိုင်ဂိုးများကို ၂၂ မိနစ်တွင် သူရ၊ ၇၇ မိနစ်တွင် ရန်နိုင်လင်း နှင့် ၈၁ မိနစ်တွင် အောင်ကျော်နိုင်တို့က သွင်းယူခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဇွန် ၂၃ ရက်တွင် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ ဇွန်  ၂၄ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။                 

ရဲရင့်လွင်

ဓာတ်ပုံ-MNL