နေပြည်တော် ဇွန် ၁၉

 

နေပြည်တော် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံ ရေဝေ၊ ရေလဲဧရိယာ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ငလိုက်ရေလှောင်တမံ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး သတ်မှတ်နေရာ၌ ကျွန်းပင်ကို စတင်စိုက်ပျိုးပေး၍ တက်ရောက်လာကြသူများက သတ်မှတ်နေရာများ၌ ကျွန်း၊ မဟော်ဂနီ နှင့် တမာအစရှိသည့် ပျိုးပင်ပေါင်း ၃၀၀ ကို အမျိုးသား ရေးလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာရှိ စိုက်ပျိုး၊ စီးပွားအသိပညာပေးစင်တာ (KC) ၌ ကျင်းပသည့် တောင်သူများအား မိုးစပါးနှင့် မိုးဆီထွက်သီးနှံ များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ပွဲကို တက်ရောက်အမှာ စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ၍ မျိုးစပါးများနှင့် သွင်းအားစုများကို တောင်သူများထံပေးအပ်ကြကာ တောင်သူများ၏တင်ပြချက်များ အပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဇလောင်းကျေးရွာရှိ ဦးအောင်ဇော် လင်း၏ ရတနာဆန်စက်နှင့် ဒေသနွား (ပြာစိမ်း) အကောင် ၂၀ မွေးမြူထားရှိမှု၊ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာစစ်ဌာန၌ ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနေမှု တို့ကို လှည့်လည်ကြည့်ရှုပြီး Camp ဝင်ရောက်နေ သော ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကာ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများကို သတ်မှတ်အရောင်များဖြင့်ထားရှိနိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)