နေပြည်တော် ဇွန် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့တွင် နေပြည်တော်ရုံးအမှတ် (၁၅) ၌ စမ်းသပ်စိုက်ပျိုးထားသည့် သက်တမ်း တစ်နှစ်ရှစ်လရှိ မြေနိမ့်ကော်ဖီမျိုး ငါးမျိုးနှင့် သက်တမ်း ၁၀ လရှိ မြေနိမ့် ကော်ဖီမျိုး ငါးမျိုးတို့၏ အပင်သန်စွမ်း ဖြစ်ထွန်းမှုနှင့် ပိုးမွှားရောဂါ ကင်းစင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် မြေပြန့်ဒေသ၌ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းသည့် ကော်ဖီမျိုးများကို မိသားစု အိမ်ခြံဝင်းဥယျာဉ် စိုက်ပျိုးရေးအနေဖြင့် အော်ဂဲနစ် ကော်ဖီကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ရေး အားပေး ဆောင်ရွက်ရန်နှင့် အော်ဂဲနစ်မြေပြန့်ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာရေးကို ထုတ်လုပ်မှု ကွင်းဆက်ဖွံ့ဖြိုးရေး စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

မြေနိမ့်ကော်ဖီကို မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများ၊ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လိုသူများ အနေဖြင့် နည်းပညာနှင့် အကူအညီများ လိုအပ်ပါက စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ တွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် စပါးသီးနှံ ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရာတွင် စပါးအထွက်နှုန်း ကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း စီမံချက်ဆွေးနွေးပွဲသို့ တက်ရောက်၍ မြေပြင်တွင် ပန်းတိုင် အထွက်နှုန်းမရခြင်း အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ရန် ကွင်းဆင်း စစ်တမ်းများ ကောက်ယူရေး၊ လိုအပ်ချက်၊ စံပြကွက်များ စိုက်ပျိုးရန်နှင့် စစ်တမ်းကောက်ယူရာတွင် ဂေဟစနစ်အလိုက် စံအထွက်နှုန်းရရှိရေးနှင့် ကိန်းဂဏန်း အချက်အလက် မှန်ကန်ရန် လိုအပ်ချက်များ၊ ပြောင်းလဲ တိုးတက်လာသော နည်းပညာများကို အသုံးပြုပြီးပိုင်နိုင်စွာ တွက်ချက်သိရှိနိုင်မှသာ ပန်းတိုင်အထွက်နှုန်းရရှိပြီး ထုတ်လုပ်မှု စွမ်းရည်တိုးတက်လာနိုင်စေခြင်း၊ ဌာနအလိုက် ကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ရန်နှင့် မွမ်းမံသင်တန်းများ စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ်နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်