ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဆိုလာထုတ်လုပ်ခြင်းနည်းပညာများကိုလည်း မျက်ခြည် မပြတ် လေ့လာ၍ အဆင့်မြှင့်တင်

 

နေပြည်တော် ဇွန် ၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံ ရွှေကသာ ကုမ္ပဏီလီမိတက် ဆိုလာပြားစက်ရုံ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်း အီလက်ထရောနစ်ပစ္စည်နှင့် လျှပ်စစ်မော်တာအလုပ်ရုံ ရွှေကသာ ကုမ္ပဏီ လီမိတက် ဆိုလာပြားစက်ရုံသို့ ရောက်ရှိကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမ၌ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဝန်ကြီးချုပ်၏ ဆိုလာစွမ်းအင်နှင့်ပတ်သက်သည့် မူဝါဒနှင့် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ် မော်တာအလုပ်ရုံဆိုင်ရာ အချက်အလက်များ၊ အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာပြား အလုပ်ရုံဆိုင်ရာ အချက်အလက်များ၊ ဆိုလာပြားဈေးကွက် အခြေအနေနှင့် ပြည်ပမှဆိုလာပြားများ တင်သွင်းနေရမှု အခြေအနေများ၊ ဆိုလာပြားထုတ်လုပ်မှု နည်းပညာများ၊ ဆိုလာပြားအမျိုးအစား များနှင့် နှိုင်းယှဉ်ချက်များ၊ ဆိုလာပြားများ အသုံးပြု၍ နေရောင်ခြည်မှ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ ရွှေကသာကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာက ကုမ္ပဏီ အနေဖြင့် ဆိုလာပြားထုတ်လုပ်မှုလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆိုလာပြားထုတ်လုပ်မှုများ နှစ်အလိုက် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းမှ ထုတ်လုပ်ထားသည့် ဆိုလာပြားများအား ပြည်ပမှ တင်သွင်းသည့် ဆိုလာပြားများနှင့် တန်းတူအရည်အသွေးရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲ တိုးတက်လာသည့် ဆိုလာထုတ်လုပ်ခြင်း နည်းပညာများကိုလည်း မျက်ခြည်မပြတ်လေ့လာ၍ အဆင့် မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုသာယာ ကောင်းမွန်ပြီး နေသာသည့်ရက်များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများတိုးတက်စေရေး မိမိ အနေဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်ပြောကြား ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများမှတစ်ဆင့် အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာပြားထုတ်လုပ်ခြင်းအတွက် လိုအပ်သည့်ကုန်ကြမ်းများကို ပြည်တွင်း၌ ထုတ်လုပ်သွားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအားဖြင့် ဆီလီကွန်ကဲ့သို့သော ကုန်ကြမ်းများ လိုအပ်သဖြင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ပြည်တွင်း၌ ဆိုလာပြားများကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သဖြင့် သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်သောကြောင့် အားပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်ပမှ လောင်စာဆီများကို တင်သွင်းရလျက် ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းရှိ ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက် သွားနိုင်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားဖူလုံပေါများစွာ ရရှိခြင်းဖြင့် လူမှုစီးပွားဘဝများသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများသည် အချိန်ရယူတည်ဆောက်ရပြီး ငွေကြေးများစွာသုံးစွဲရကြောင်း၊ တည်ဆောက်ချိန် တိုတောင်းသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင် တစ်ပိုင် တစ်နိုင်သုံးစွဲသည်မှ လုပ်ငန်းများ၊ စက်ရုံများလည်ပတ်နိုင်သည်အထိ ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၀၀ ကျော်ခန့်သည် အလင်းနှင့် နေရောင်ခြည်ကို ရရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ၌ ဆိုလာလျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ် လုပ်မှုစရိတ်ကို များစွာလျှော့ချနိုင်ခြင်း ကြောင့် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်သူများ အတွက် Incentive များ ပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း Small Scale (အိမ်သုံး)မှ Large Scale (စက်ရုံသုံး)အထိ နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွား ကြစေလိုကြောင်း၊ မြို့ရွာများ၌လည်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်ပေးသွားမည်ဆိုပါက လူနေထိုင်မှု အဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိစေမည့် လုပ်ငန်းဖြစ်ကြောင်း၊ ဆိုလာပြားများအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုပြီး ဆိုလာပြားထုတ်လုပ်မှု တိုးတက်ရေးနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်း၍ ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်တွင်း ၌ Solar Panel များအား လုံလောက်စွာ ထုတ်လုပ်သွားကြရန် လိုကြောင်း။

 

လျှပ်စစ်နှင့်ပတ်သက်၍ ဝိုင်ယာကြိုးများကိုလည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝိုင်ယာကြိုးပြုလုပ်ရန်အတွက် အခြေခံဖြစ်သည့် ကြေးနီများ လုံလောက်စွာရှိပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ဝိုင်ယာကြိုး လုံလောက်စွာထုတ်လုပ်နိုင် ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်ရုံအထိမ်းအမှတ်ဂါရဝပြုလက်ဆောင်ကို ပေးအပ်သည်။

 

ဆက်လက်၍ ဆိုလာပြားစက်ရုံအတွင်း ဆိုလာပြားများ ထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ဆိုလာပြား စမ်းသပ်ထုတ်လုပ်ရန် ၂၀၂၁ ခုနှစ်မှစတင်၍ ဈေးကွက်အတွင်းမှ ဝယ်ယူ၍ လေ့လာခဲ့သည့် ဆိုလာပြားများနှင့် ကုမ္ပဏီမှ ထုတ်လုပ်ထားရှိသည့် ဆိုလာပြားများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

တာယာစက်ရုံ(ရွာမ)

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာစီးပွားရေးကော် ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ) မော်တော်ဆိုင်ကယ်တာယာနှင့် ကျွတ်ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက မော်တော် ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ် တာယာများနှင့်ကျွတ်များ ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

 

ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်း လိုအပ်ချက်များသည့် မော်တော်ဆိုင်ကယ် တာယာများ၊ သုံးဘီးဆိုင်ကယ်တာယာများ နှင့် ကျွတ်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးပြည့်မီကောင်းမွန်ရေး ပြည်တွင်းဈေးကွက် ဖူလုံမှုရှိစေရေးနှင့် ပြည်ပဈေးကွက် ရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃)သံမဏိစက်ရုံ(ရွာမ) သို့ရောက်ရှိကြပြီး အစည်းအဝေးခန်းမ တွင် ကောင်စီဝင် မြန်မာစီးပွားရေးကော်ပို ရေးရှင်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အရည်အသွေးမြင့် သံမဏိများ ထုတ်လုပ်နိုင်ရေးဆောင်ရွက် နေမှုနှင့် အရည်အသွေးတိုင်းတာ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းသည့် ကုန်ထုတ်စက်ကြီးများအား အသစ်ပြန်လည် တပ်ဆင်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ များကို လည်းကောင်း၊ အမှတ်(၃)သံမဏိ စက်ရုံ (ရွာမ) စက်ရုံမှူးကြီးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ရုံမှ သံမဏိနှင့် ဆက်စပ်ပစ္စည်းများ၊ ဘိုး၊ နပ်များ ထုတ်လုပ် လျက်ရှိမှု အခြေအနေများ၊ စက်များမှ သံမဏိထုတ်ကုန်များ ထုတ်လုပ်နိုင်မှု စက်စွမ်းအားအခြေအနေများ၊ အရည်အသွေးပြည့်မီသည့် သံမဏိများရရှိရေး စနစ်တကျ ထုတ်လုပ်နေမှုများ၊ ထုတ်လုပ်ထားသည့် Deformed Bar များကို အရည်အသွေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သတ်မှတ်အရည်အသွေးထက် ပိုမိုကောင်းမွန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိ ရမှုနှင့် သံရည်ကျိုလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းနှင့် စက်ရုံမှထွက်ရှိသည့် HRB-500 Steel Billet များအား ကုန်ထုတ် လုပ်နိုင်ရေး အမှတ်(၁)သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး) သို့ လွှဲပြောင်းပေးပို့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်း၌ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သံမဏိများ လိုအပ်လျက်ရှိခြင်းကြောင့် ပြည်တွင်းသံမဏိထုတ်လုပ်ခြင်း လုပ်ငန်းများကို အားပေးရန်လိုကြောင်း၊ အရေအတွက် ပြည့်မီရန်လိုအပ်သကဲ့သို့ အရည်အသွေး အရလည်း ပြည့်မီရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

 

ဆက်လက်၍ စက်ရုံမှထွက်ရှိသည့် သံမဏိများနှင့် ပြည်ပနိုင်ငံများမှ ထုတ်လုပ်ထားသည့် သံမဏိများကို အရည်အသွေး နှိုင်းယှဉ်ပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံအတွင်း လှည့်လည်၍ HRB-500 Steel Billet များ ထုတ်လုပ်နေမှုလုပ်ငန်း စဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ် (၃) သံမဏိစက်ရုံ (ရွာမ) မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှူးကြီးက လက်ခံရယူသည်။

 

အမှတ်(၂)သံမဏိစက်ရုံ(မြောင်းတကာ)

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း အမှတ် (၂) သံမဏိစက်ရုံ (မြောင်းတကာ) သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက စက်ရုံသမိုင်းအကျဉ်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ စက်ရုံမှူးကြီးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံစတင်သည်မှ ယနေ့အထိဆောင်ရွက် ပြီးစီးခဲ့သည့် စီမံကိန်းဝင် မြစ်ကူးတံတားကြီးများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆက်လက်၍လည်း တံတားသံပေါင်များ ထုတ်လုပ်လျက်ရှိမှု၊ ခုံးကျော်တံတားများအတွက် လိုအပ်သည့်သံပေါင်များ ကို ထုတ်လုပ်ပေးခဲ့မှု၊ လျှပ်စစ်တာဝါတိုင်များနှင့် သွပ်ဆေးတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တံတားလုပ်ငန်း များအတွက် သံပေါင်များနှင့် ဆက်စပ်ပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဓာတ်အားလိုင်းတာဝါတိုင်များ ထုတ်လုပ်နေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

 

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သံမဏိ ထုတ်လုပ်ရေး လုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်ပြီး စက်ရုံ အနေဖြင့် တာဝါတိုင်များ၊ တံတားသံပေါင်များကို စနစ်တကျဖြင့် ဆက်လက်ထုတ်လုပ်သွားရန် လိုကြောင်း၊ အဓိက အားဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် Deformed Bar များလိုအပ်သဖြင့် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင် ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးသုံး သံမဏိများကို ပြည်ပမှ နှစ်စဉ်ဝယ်ယူနေရပါက နိုင်ငံတော်အတွက် ငွေကြေးကုန်ကျမှု များပြားနေဦး မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် ရှိပြီးဖြစ်သည့် သံ အရင်းအမြစ်များကို စနစ်တကျ ထုတ်ယူအသုံးချသွားရန် လိုကြောင်း၊ ပထမဦးစားပေးအနေဖြင့် Steel Billet များကို ထုတ်လုပ်သွားနိုင်ရန်လိုပြီး ထိုမှတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Deformed Bar များ ထုတ်လုပ်သွားနိုင် ရန်လိုကြောင်း၊ ပြည်တွင်း၌ရှိပြီးဖြစ်သည့် သံမဏိစက်ရုံများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင် ရွက်သွားရန်လိုကြောင်း၊ မန္တလေးငလျင် ကြီး လှုပ်ခတ်ခဲ့ချိန်တွင်လည်း အချို့ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများမှာ အရည်အသွေး ပြည့်မီမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး မိမိတို့အတွက် သင်ခန်းစာပင်ဖြစ်ကြောင်း၊ ဆောက်လုပ် ရေးလုပ်ငန်းများတွင် ခိုင်ခံ့စွာတည်ဆောက် နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးသုံး သံမဏိများကို ထုတ်လုပ်သွားနိုင်ရန် လိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း လှည့်လည်၍ တံတားနှင့် သံထည် ထုတ်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားကာ စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံ Jetty နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်