ရန်ကုန် ဇွန် ၂၁

 

 

ရန်ကုန်တိုင်းဒေသကြီး တံတားမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ လူမှုပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု အခြေအနေများ လျော့ကျစေရန်ရည်ရွယ်ပြီး သတ်မှတ်အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ဇွန် ၂၀ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တံတားမြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးဇွဲမာန်ဟိန်းက အမှိုက်စနစ်တကျ ခွဲခြား စွန့်ပစ်နိုင်ရေး ရှင်းလင်းဆွေးနွေးကာ သရုပ်ပြသဆောင်ရွက်ပြီး အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

သရုပ်ပြသရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်ဆန်း