ရန်ကုန် ဇွန် ၂၂
၂၀၂၅ MNL League Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ရတနာပုံ-ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်-ဧရာဝတီယူနိုက်တက်အသင်း တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဇွန် ၂၃ ရက်တွင် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ ဇွန် ၂၄ ရက်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်တက်ရောက်လာသည့် လေးသင်းအနက် ဧရာဝတီယူနိုက်တက်အသင်းသာ ပထမဆုံး တက်ရောက်လာခြင်းဖြစ်ပြီး ကျန်သုံးသင်းမှာမူ နှစ်ကြိမ်ဆက်တိုက် တက်ရောက်ခြင်းဖြစ်သည်။ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်ကကျင်းပသည့် ပထမအကြိမ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းမှာမူ MNL League Cup ပြိုင်ပွဲတွင် ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။
ဆီမီးဖိုင်နယ် တက်ရောက်လာသည့် လေးသင်းအနက် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့မှာ ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့်အသင်းများဖြစ်ပြီး ရတနာပုံအသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့မှာမူ နည်းပြသစ်လက်ထက်တွင် ပြည်တွင်းကစားသမားအစုအဖွဲ့ဖြင့် မထင်မှတ်သည့် စွမ်းဆောင်ရည်ကောင်းများ ပြသခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲကိုမူ ဇူလိုင် ၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL