ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်(၂) အဖြစ် ဇွန် ၂၂ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အင်တာမီလန်အသင်းနှင့် ဂျပန်ကလပ် အူယာဝါရက်ဒိုင်းမွန်းအသင်း ပွဲစဉ်တွင် အင်တာမီလန် အသင်းက ကာဘိုနီ၏ နောက်ကျသွင်းဂိုးကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
အင်တာမီလန်အသင်းသည် အူယာဝါရက်ဒိုင်းမွန်းအသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပြီး ပွဲကစားချိန်ပြည့်ခါနီးတွင် ရရှိခဲ့သော လူစားဝင်ကွင်းလယ်ကစားသမား ကာဘိုနီ၏ သွင်းဂိုးကြောင့် သာ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ အူယာဝါရက်ဒိုင်းမွန်းအသင်းသည် ပွဲကစားချိန် ၁၁ မိနစ်တွင် ရရှိခဲ့သော ဝါတာနာဘီ၏ သွင်းဂိုးဖြင့် မိနစ် ၇၀ ကျော်အထိ ဦးဆောင်ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် ရှုံးပွဲကြုံတွေ့ကာ အုပ်စုပွဲစဉ်မပြီးဆုံးမီ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
အင်တာမီလန်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(င) တွင် နှစ်ပွဲကစားပြီး ဦးဆောင်သူ ရေးဗားပလိတ်အသင်းနှင့် ရမှတ် ၄ မှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ပြိုင်ဘက် အူယာဝါရက်ဒိုင်းမွန်းအသင်းက နှစ်ပွဲကစားပြီး ရမှတ်ရယူထားနိုင်ခြင်း မရှိသေးသည့်အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်ဖြင့် လက်ပြ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။
အခြားပွဲစဉ်ရလဒ်များတွင် ဖလူမီးနိစ်အသင်းက အူလ်ဆန်အသင်းကို လေးဂိုး - နှစ်ဂိုးဖြင့် နိုင်ပွဲရရှိ ကာ ရေးဗားပလိတ်နှင့် မွန်တာရေးအသင်းပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သည်။
အောင်ဇော်