မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နှမ်းသီးနှံကို နွေနှမ်း(မိုးကြို)နှင့် ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ နွေနှမ်း(မိုးကြို) ကို ဖေဖော်ဝါရီလနှင့် မတ်လတွင် စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်ထွက်ပေါ်ကြောင်း၊ နှမ်းနက်(စမုန်) မျိုးကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့နှစ်ပြည်ခန့် ကုန်ကျကြောင်း၊ မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါ အဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅-၆ သိန်းခန့် ကုန်ကျ ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် နှမ်းနက် (စမုန်)များကို ဆိပ်ဖြူမြို့နှင့် ချောက်မြို့များရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေ ဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ ပြည်တွင်း စားသုံးမှုမြင့်မားပြီး ပြည်ပဝယ်လို အားကောင်း၍ ဈေးကွက်ခိုင်မာမှု ရှိသောကြောင့် နွေနှမ်းသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် နွေနှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
DOCA (မကွေး)