မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရန်လွယ်ကူသော ရုံးပတီသီးကို မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရသည်။
ရုံးပတီသီးကို ရာသီမရွေး စိုက်ပျိုးနိုင်ပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်လတ်ရုံးပတီမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် မျိုးစေ့ ၁၀ kg ပါ တစ်ထုပ်ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တန်းခြား နှစ်ပေ၊ ပင်ခြား တစ်ပေခွဲထား၍ ပေါင်ခတ်စနစ် ဖြင့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် လေးသိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးကိုသုံးရက်ခြားတစ်ကြိမ် ခန့် ဆွတ်ခူးရပြီး တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၀၀၀-၁၂၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် စိုက်ခင်းသို့ လာရောက်ဝယ်ယူသော ကုန်စိမ်း ပွဲစားများအား ရောင်းချသည့် အပြင် ပခုက္ကူမြို့သို့လည်း တင်ပို့ ရောင်းချကြကြောင်း၊ ရုံးပတီသီး သည် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ် ရရှိသောကြောင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
DOCA (မကွေး)