ဇွန် ၂၄

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း စီရမ်ရိပြည်နယ်မှ  အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း အတည်ပြုချက်ထုတ်ပြန်ခဲ့ရာ ယခုနှစ်လက်ရှိအချိန်အထိ ယင်းရောဂါဖြစ်ပွားသူ ခုနစ်ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းကပြောကြားသည်။

ဓါတ်ခွဲစစ်ဆေးချက်အရ အဆိုပါအမျိုးသမီး H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း ဇွန် ၂၃ ရက်ကဖော်ပြထားသည်ဟု သိရသည်။

ထိုလူနာသည်ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကျပ်သောလက္ခဏာများရှိပြီး လတ်တလောတွင် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။ ၎င်း၏နေအိမ်နှင့် အိမ်နီးချင်းအိမ်များတွင် ကြက်များဖျားနာပြီး သေဆုံးမှုများရှိပြီး ထိုကြက်များနှင့် ထိတွေ့မှုများရှိပြီး သူမဖျားနာခြင်းမဖြစ်မီငါးရက်ကပင် ကြက်များကိုချက်ပြုတ်မှုများပြုလုပ်ခဲ့ကြောင်း စုံစမ်းမေးမြန်းချက်များအရသိရသည်။

ယခုနှစ်လက်ရှိအချိန်အထိ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသူ ခုနစ်ဦးရှိလာပြီး ငါးဦးသေဆုံးခဲ့သည်။

၂၀၀၃ ခုနှစ်မှယနေ့အထိ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၈ ဦးအပါအဝင် ယင်းရောဂါဖြစ်ပွားသူ ၇၉ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို