ဇွန် ၂၅
ပဋိပက္ခဖြစ်ပွားရာအစ္စရေးနိုင်ငံမှ ဗီယက်နမ်နိုင်ငံသား ၅၀ နီးပါးအား အီဂျစ်နိုင်ငံသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းဒုက္ခသည်အများအပြား ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီးဖြစ်ရာ အချို့သောသူများသည် အမြန်ဆုံး နေရပ်ပြန်နိုင်ရေး လိုအပ်သည့်လုပ်ထုံးလုပ်နည်းများ ပြီးစီးအောင်လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန (မိုဖာ)ကပြောကြားခဲ့သည်။
အစ္စရေးနှင့် အီဂျစ်နိုင်ငံရှိဗီယက်နမ်သံရုံးများ၏ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ပဋိပက္ခဖြစ်ပွားရာဒေသတွင်ကျန်ရှိနေသေးသောနိုင်ငံသားများအား တည်ငြိမ်စွာနေထိုင်ကြရန်၊ ၎င်းတို့သံရုံးနှင့် ပုံမှန်အဆက်အသွယ်ရှိကြရန်နှင့် ဒေသအာဏာပိုင်များ၊ မိုဖာနှင့် ၎င်းသံရုံးတို့က ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် သတိပေးချက်များကို လုံးဝလိုက်နာမှုရှိကြရန် အစ္စရေးနိုင်ငံရှိဗီယက်နမ်သံရုံးက ဆက်လက်အကြံပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို