မနီလာ ဇွန် ၂၅
ဖိလစ်ပိုင်နိုင်ငံ၌ ဒုတိယကမ္ဘာစစ်၏ အနိဋ္ဌာရုံများကို သတိပြုမိစေရန် နှစ်စဉ် ကျင်းပလေ့ရှိသည့် ရိုးရာ ပွဲတော်တစ်ခုတွင် ဝတ်ပြုသူများက ၎င်းတို့ကိုယ်ခန္ဓာအား ရွှံ့များလိမ်းကျံပြီး ကမ္ဘာ့ငြိမ်းချမ်း ရေးအတွက် ဆုတောင်းခဲ့ကြသည်။
ဝတ်ပြုဆုတောင်းမှုများပြုလုပ်ရန် ဘုရားကျောင်းသို့သွား
ကံဆိုးခြင်းကိုဖယ်ရှားနိုင်သည်ဟု ယုံကြည်ကြသည့်အလျောက် အဆိုပါပွဲတော်၌ ပါဝင်သူများသည် ၎င်းတို့ကိုယ်ခန္ဓာအား ရွှံ့များလိမ်းကျံပြီး လယ်ကွင်းများထဲတွင် ရေချိုးသည့်ဓလေ့ကို ပြုလုပ်ခဲ့ကာ ငှက်ပျောရွက်ခြောက်များကို ဝတ်ဆင်ခဲ့ကြသည်။ ထို့နောက် ဝတ်ပြုဆုတောင်းမှုများပြုလုပ်ရန် ဘုရားကျောင်းသို့ သွားခဲ့ကြသည်။
အတိတ်ကို အမြဲအောက်မေ့ သတိရစေ
လူဇုံကျွန်းမြောက်ပိုင်းရှိ ကျေးရွာတစ်ရွာ၏ ဘုရားကျောင်း၌ ကျင်းပသော အဆိုပါပွဲတော်သို့ ဒေသခံ ၂၀၀၀ ကျော်တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ မြေးက ယခုကဲ့သို့သော ရိုးရာဓလေ့ကို မိမိတို့ကို လက်ဆင့်ကမ်းအမွေ ပေးခဲ့ခြင်းကြောင့် အတိတ်ကို အမြဲအောက်မေ့ သတိရစေသည်ဟု ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ဆုတောင်း
ပွဲတော်၌ ပါဝင်သူနောက်တစ်ဦးကလည်း အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့သည် ဟု ပြောကြားခဲ့ပြီး လတ်တလောပဋိပက္ခများက နိုင်ငံအားလုံးအပေါ် လွှမ်းမိုးသက်ရောက်မှုရှိသည် ဟု ဆိုသည်။
အင်န်အိတ်ချ်ကေ