ကမ်ပါလာ   ဇွန်   ၂၅

ယူဂန္ဓာနိုင်ငံသည်   အီသီယိုးပီးယားနိုင်ငံကို ကျော်တက်ကာ    အာဖရိက၏   ထိပ်တန်းကော်ဖီ တင်ပို့သည့် နိုင်ငံဖြစ်လာကြောင်း ဇွန် ၂၄ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ သိရသည်။

ဝင်ငွေအမေရိကန်ဒေါ်လာ ၂၄၃ သန်းရရှိ

ယူဂန္ဓာနိုင်ငံ၏   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယူဂန္ဓာ နိုင်ငံသည် မေလတွင် ၆၀ ကီလိုဂရမ် ကော်ဖီအိတ်ပေါင်း ၇၉၃၄၄၅ အိတ်တင်ပို့ကာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄၃ သန်း ရရှိခဲ့ကြောင်း သိရသည်။   ယူဂန္ဓာနိုင်ငံ၏ ကော်ဖီလုပ်ငန်းသည် သမိုင်းဝင်မှတ်တိုင်သစ် တစ်ခုသို့ရောက်ရှိကာ ယခုနှစ်မေလတွင် အာဖရိက၏ ထိပ်တန်း ကော်ဖီ တင်ပို့သည့်  နိုင်ငံဖြစ်လာခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။

ယခုနှစ်မေလတွင်  ယူဂန္ဓာနိုင်ငံ၏   ကော်ဖီတင်ပို့မှုပမာဏသည် အီသီယိုးပီးယားနိုင်ငံ၏ ကော်ဖီတင်ပို့မှု တန်ချိန် ၄၃၄၈၁ ဒသမ ၀၂ တန်ကို ကျော်လွန်ခဲ့သည်။ ယင်းက   အာဖရိကတိုက်၏ ကော်ဖီကုန်သွယ်ရေးတွင်  သိသာထင်ရှားသည့်အပြောင်းအလဲကို ဖြစ်ပေါ်လာစေခဲ့သည်။

ကော်ဖီထုတ်လုပ်တင်ပို့မှုကို ထပ်မံတိုးမြှင့်မည်

ယူဂန္ဓာနိုင်ငံသည် လာမည့်လများအတွင်း ကော်ဖီထုတ်လုပ်တင်ပို့မှုကို ထပ်မံတိုးမြှင့်သွားဖွယ် ရှိကြောင်း စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ပြောသည်။ ယူဂန္ဓာနိုင်ငံ၏ အဓိက ကော်ဖီတင်ပို့သည့်  နိုင်ငံများတွင် အီတလီ၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယ၊ ဆူဒန်၊ ဘယ်လ်ဂျီယံ၊ တရုတ်၊ အယ်လ်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စုနှင့် မော်ရိုကိုနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။          

ဆင်ဟွာ