မြန်မာနိုင်ငံက အမျိုးသမီးတွေကို နိုင်ငံအတွင်း လာရောက်စည်းရုံးကာ အယောင်ပြလက်ထပ်ပြီး ပြည်ပနိုင်ငံတွေကို ခေါ်ဆောင်သွားတဲ့အထိ အတင့်ရဲလာတဲ့ လူကုန်ကူးမှုတွေကို ဖော်ထုတ်တွေ့ရှိနေပြီး မြန်မာအမျိုးသမီးတွေနဲ့ ပြည်ပနိုင်ငံခြားသားတွေ ထိမ်းမြားလက်ထပ်ဖို့ ဆောင်ရွက်ပေးကြသူတွေနဲ့ ဥပဒေကို လက်တစ်လုံးကြား လုပ်ဆောင်နေသူတွေရဲ့ အသုံးချမှုမခံရအောင် ဂရုပြုကြရမှာဖြစ်တယ်လို့ ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးက သိရပါတယ်။
အဲ့ဒီအစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးစီးကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲအထိ လက်ထပ်ရန် လာရောက်စည်းရုံးခဲ့တဲ့ ဖြစ်စဉ်တွေအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်အထိ ၁၄ မှုရှိခဲ့ပြီး ယခုနှစ်အတွင်း အွန်လိုင်းကတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့တဲ့ ဖြစ်စဉ်တွေ ဖော်ထုတ်အရေးယူခဲ့တယ်လို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် က ပြောကြားသွားပါတယ်။
အွန်လိုင်းလိမ်လည်မှုတွေအထဲ အတင်းအကြပ် ဖိအားပေးစေခိုင်းခံနေရသူတွေထဲမှာ နိုင်ငံအသီးသီးက ပညာတတ်လူငယ်တွေ ပါရှိနေတာ၊ မြန်မာနိုင်ငံက လူငယ်အချို့ အာဆီယံဒေသတွင်း နိုင်ငံအချို့မှာ လိမ်လည်အသုံးချခံနေရတာကို စိစစ်တွေ့ရှိရတာ၊ လူကုန်ကူးမှု ကျူးလွန်ခံရသူတွေ အွန်လိုင်းကတစ်ဆင့် မက်လုံးပေး လိမ်လည်မှုတွေအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် လူကုန်ကူးမှု ကျူးလွန်ခြင်းခံနေရတာ၊ ကျူးလွန်သူတွေက တိုးတက်လာတဲ့ နည်းပညာတွေကို အခြေခံပြီး ကျူးလွန်ပုံတွေမှာ စနစ်တကျဂိုဏ်းဖွဲ့ပြီး လမ်းကြောင်းပုံစံသစ်တွေနဲ့ ပြောင်းလဲကျူးလွန်လာတာလို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၃ မှု အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ဦးတည်နိုင်ငံတွေမှာ တရုတ်ကို ၃၄ မှု၊ လာအိုကို ၁ မှု၊ ကမ္ဘောဒီးယားကို ၁ မှုနှင့် ပြည်တွင်းမှာ ၁၇ မှုရှိခဲ့သလို အမှုအမျိုးအစားတွေကတော့ အဓမ္မလက်ထပ်စေခြင်း ၃၅ မှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေခြင်း ၉ မှု၊ အဓမ္မအလုပ်ခိုင်းစေခြင်း ၁ မှု၊ ကိုယ်ဝန်အငှားဆောင်စေခြင်း ၁ မှုနဲ့ အခြားနည်းလမ်းတွေနဲ့ ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်း ၁ မှုတို့ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ ၂၁၈ မှုနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၂၀ ရက်အထိ ၄၂ မှု အရေးယူဆောင်ရွက်ခဲ့ပြီး ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေက တရားမဝင်သွားရောက်မယ့်သူတွေကို တားဆီးအသိပညာပေးပြီး ၎င်းတို့နေရပ်ဒေသကို ပြန်လည်စေလွှတ်တာတွေ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်မှာ ၄၃၃၇ ဦးနဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့အထိ ၄၇၇ ဦးကို အသိပညာပေး တားဆီးပြန်လွှတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
MDN