နေပြည်တော် ဇွန် ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်သည်။

 

အဆိုပါ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ-ရလဒ်များနှင့် အလားအလာများ (Strategy of the Eurasian Economic Integration: outcomes and prospects) ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်သို့ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ၊ EAEU Observers နိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့် နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နီကွာရာဂွာသမ္မတ၏ အထူးကိုယ်စားလှယ်တို့ တက်ရောက်ကြပြီး ဥရောပ-အာရှစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို စိတ်ပါဝင်စား သည့် မိတ်ဖက်နိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ၊ အကြီးစား၊ အလတ်စားနှင့် အသေးစားစီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံအသီးသီးမှ တက်ရောက် လာကြသည့် နိုင်ငံ့အကြီးအကဲများသည် Minsk International Exhibition Center BELEXPO သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mrs. Petkcvich N. V. က ခရီးဦးကြိုဆိုနှုတ်ဆက်သည်။

 

ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်

ယင်းနောက် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်းအဝေးကို ပါဝင်တက်ရောက်ကြရာ ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko က တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများကို ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

 

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် Plenary Session Hall ၌ နေရာယူကြပြီး “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ-ရလဒ်များနှင့် အလားအလာများ (Strategy of the Eurasian Economic Integration: outcomes and prospects) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက မိန့်ခွန်းပြောကြား သည်။ ယင်းနောက် EAEU အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အာမေးနီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ မိတ်ဖက်နိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံသမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နီကွာရာဂွာသမ္မတ၏ အထူးကိုယ်စားလှယ်တို့က မိန့်ခွန်းများ အသီးသီးပြောကြားကြသည်။

 

မိန့်ခွန်းပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) သည် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက အဖွဲ့ဝင်နိုင်ငံများ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် လူနေမှုအဆင့်အတန်းမြှင့်တင်နိုင် စေရန်ရည်ရွယ်ပြီး ဖွဲ့စည်းထူထောင်ခဲ့ကြောင်း၊ အဆိုပါရည်ရွယ်ချက်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဖိတ်ကြားခြင်းခံရသည့်နိုင်ငံများအပါအဝင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF) ကို ကျင်းပခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုပါက စတုတ္ထအကြိမ် မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုဖိုရမ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) အနေဖြင့် ပြောင်းလဲနေသည့် ကမ္ဘာ့ပတ်ဝန်းကျင် နှင့်အညီ နိုင်ငံတကာအခန်းကဏ္ဍမြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍပလက်ဖောင်း တစ်ခုပေါ်ထွက်ရေး၊ အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုစနစ်မြှင့်တင်ရေး၊ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် (FTA) များ ပေါ်ထွက်လာရေး၊ ဖွံ့ဖြိုးမှုကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ စေရေး၊ ငွေကြေးဆိုင်ရာ အထောက်အကူပြုနည်းလမ်းများ တိုးတက်လာရေးတို့ကို တိုးတက်အကောင်အထည်ဖော်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရာတွင် ပေါင်းစည်းညီညွတ်မှုရှိသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုကို အပြန်အလှန်လေးစားမှုဖြင့် တည်ဆောက်သွားရန်လိုအပ်ကြောင်း။

 

ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၏ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ တူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေများကို လေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုးစီးပွားကိုလေးစားခြင်းတို့သည် ကမ္ဘာတွင် လက်တွေ့လိုအပ်နေသည့် အရာများပင် ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများသည် ကမ္ဘာ့နိုင်ငံများ၏အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံ များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ထောက်ခံကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများကို အလေးထား စိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း အဆွေတော်သဘာပတိကြီးနှင့် အဖွဲ့ဝင်နိုင်ငံများ၊ ဥရောပ-အာရှစီးပွားရေး ကောင်စီရုံးချုပ်တို့က ဆောင်ရွက်ပေးမည်ဟုလည်း မျှော်လင့်ပါကြောင်း။

 

နိုင်ငံများအချင်းချင်း အပြန်အလှန်ယုံကြည်မှု

ယခုစတုတ္ထအကြိမ်မြောက်ဖိုရမ်တွင် ဖိုရမ်၏ ခေါင်းစဉ်ဖြစ်သည့် “ဥရောပ-အာရှ စီးပွားရေးပေါင်း စည်းညီညွတ်ရေးမဟာဗျူဟာ - ရလဒ်များနှင့် အလားအလာများ သည် အချိန်အခါနှင့်ကိုက်ညီသည့် ခေါင်းစဉ်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ အဆွေတော်ဘယ်လာရုစ်သမ္မတကြီး၏ ခေါင်းဆောင်မှု အောက်တွင် စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်သည် နိုင်ငံများအချင်းချင်းအပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည့် ရလဒ်ကောင်းများ ရရှိစေမည်ကို အပြည့်အဝ ယုံကြည်ပါကြောင်း။

 

မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ - အာရှစီးပွားရေးကော်မရှင် (EEC) ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိတွေ့ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်ကစပြီး အရှိန်အဟုန် မြင့်တက်လာခဲ့ကြောင်း၊ ထိုစဉ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေး ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း။

 

ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေ

ထို့အပြင် ၂၀၂၄ ခုနှစ်တွင်လည်း ဥရောပ-အာရှစီးပွားရေးကော်မရှင် (EEC) ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့ကြောင်း၊ မြန်မာနှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင်အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန် လွှာအကောင်အထည်ဖော်ရေးပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးများကို မြန်မာနိုင်ငံ နေပြည်တော်တွင် တစ်ကြိမ်၊ ရုရှားနိုင်ငံစိန့်ပီတာစဘတ် မြို့တွင် တစ်ကြိမ်ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှုတို့ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ယင်းသည် အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရန်အတွက် အခြေခံအုတ်မြစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေဖော်ထုတ်ပြီး တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း။

 

အရေးပါသောအောင်မြင်မှုများကို ပြသနိုင်ခဲ့

စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရသည့် ယနေ့နိုင်ငံတကာ အခင်းအကျင်းတွင် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် စုပေါင်းဆောင်ရွက်သည့် နေရာတွင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ကြီး၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဥရောပ-အာရှစီးပွားရေးသမဂ္ဂသည် ပြင်ပစီးပွားရေးစိန်ခေါ်မှုများနှင့် ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် မကြာသေးမီနှစ်များအတွင်း တည်ငြိမ်သော တိုးတက်မှုများနှင့် အရေးပါသောအောင်မြင်မှုများကို ပြသနိုင်ခဲ့သည်ကို ဝမ်းမြောက်စွာတွေ့ရှိရကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ - အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာ စိတ်အားထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးပါရန် မိမိအနေဖြင့် အလေးအနက်ထားမေတ္တာရပ်ခံလိုပါကြောင်း။

 

မိမိတို့နိုင်ငံနှင့် ဥရောပ - အာရှစီးပွားရေးသမဂ္ဂတို့အကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် တန်းတူညီမျှမှုတို့အပေါ် အခြေခံပြီး တက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုကြောင်း၊ အဆွေတော်တို့၏ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာပြီး တိုင်းပြည်သာယာဝပြောတိုးတက် ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

 

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်

ဆွေးနွေးပွဲအပြီးတွင် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံအသီးသီးမှတက်ရောက်လာကြသည့် နိုင်ငံ့ အကြီးအကဲများသည် Minsk International Exhibition Center BELEXPO ရှေ့၌ ခင်းကျင်းပြသထားသည့် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်ထားသည့် ကမ္ဘာ့အကြီးဆုံးနှင့် အလေးချိန်အများဆုံးသယ်ဆောင်နိုင်သော မိုင်းတွင်းသုံးထရပ်ကားကြီးရှေ့၌ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

အဆိုပါ ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကို ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် အဖွဲ့ဝင်နိုင်ငံက ကြီးမှူး၍ ဥရောပ-အာရှဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်ရည်ရွယ်၍ ဖိုရမ်တွင်ဆွေးနွေးမည့် ခေါင်းစဉ်များသတ်မှတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း၊ ဖိုရမ်ပထမအကြိမ်ကို ကာဂျစ်စတန်နိုင်ငံဘစ်ရှ်ခက်မြို့တွင် ၂၀၂၂ ခုနှစ်ကလည်းကောင်း၊ ဒုတိယအကြိမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၃ ခုနှစ်ကလည်းကောင်း၊ တတိယအကြိမ်ကို အာမေးနီးယားနိုင်ငံ ယဲရဗန်မြို့တွင် ၂၀၂၄ ခုနှစ်ကလည်းကောင်း အသီးသီးကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ - အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူပေါင်း ၂၇၀၀ ကျော်ပါဝင်တက်ရောက်၍ မျက်နှာစုံညီအစည်းအဝေးများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ စီးပွားရေးဆွေးနွေးပွဲများဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယခုနှစ်တွင်ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင် မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မျက်နှာစုံညီအစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် ဥရောပ-အာရှဒေသတွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပေါ်လာစေရေးအတွက် ရွှေ့ပြောင်းသွားလာခြင်း၊ ဘက်စုံသယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း နည်းလမ်းများ ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် စိုက်ပျိုးရေးကဏ္ဍထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှု အစီအစဉ်တွင်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ နိုင်ငံ့အကြီးအကဲ များသည် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko က တည်ခင်း ဧည့်ခံသည့် ညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်