နေပြည်တော် ဇွန် ၂၆
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ အခွန်ရငွေတိုးတက်ရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် အခွန်အကောက်စနစ်ကို ပြည်ထောင်စုအစိုးရကကောက်ခံသည့် အခွန်အခများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက ကောက်ခံသည့် အခွန်အခများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများက ကောက်ခံသည့်အခွန်အခများဟူ၍ အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခွန်ကောက်ခံရာ၌ နိုင်ငံတော်အတွက် အခွန်အပြည့်အဝရရှိစေရေးနှင့် ပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် “အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကို ချဲ့ထွင်၍ ထိထိရောက်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှုတိုးတက်လာသည်ကို တွေ့ရကြောင်း၊ အခွန်နှင့်စပ်လျဉ်းပြီး တာဝန်ရှိသည့် ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံပေးရန်လိုကြောင်း” ကို လမ်းညွှန်မှုပြုခဲ့သည့်အပြင် “အခွန်အခများကောက်ယူရာတွင် အခွန်အားတိုးမြှင့်ကောက်ခံခြင်းမပြုဘဲ ယခင်ရှိပြီး အခွန်နှုန်းထားများ အတိုင်းရသင့်ရထိုက်သော နယ်ပယ်အလိုက် အခွန်များ မကျန်ရှိအောင် ကောက်ခံခြင်းများကို ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း” ကို လမ်းညွှန်မှုပြုခဲ့ကြောင်း။
အဆိုပါလမ်းညွှန်ချက်များနှင့်အညီ အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များကို ပိုမိုထိရောက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့်သော အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရကကောက်ခံရရှိသည့် အခွန်ငွေများထဲမှ အခွန်ဝေစုကို နှစ်လတ်ဘဏ္ဍာရေးမူဘောင်အရ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘဏ္ဍာရန်ပုံငွေများသို့ လွှဲပြောင်းပေးသွင်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်ကာလများတွင် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ခံရရှိသည့် အခွန်များနှင့် ရပ်တည်နိုင်အောင် ကြိုးပမ်းသွားကြရန် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ အခွန်ရငွေတိုးတက် ရရှိလာစေရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပစ္စည်းခွန်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြရန် ဖြစ်ကြောင်း။
ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်အတွင်းရှိ မြို့များတွင် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ခြင်း၊ ပြည်သူများထိခိုက်သေဆုံးခြင်းနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံး ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆက်လက်လုပ်ဆောင်လျက်ရှိရာ လိုအပ်သည့် အသုံးစရိတ်များ ပိုမိုတိုးမြှင့်သုံးစွဲနေရကြောင်း၊ ယင်းအသုံးစရိတ်များ ကာမိစေရန်နှင့် ဘဏ္ဍာရေးလိုငွေပြမှု များလျှော့ချနိုင်ရန် ပြည်ထောင်စုအနေဖြင့်လည်း ပြည်ထောင်စု၏ အခွန်ကောက်ခံရန်လျာထားချက်များကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကလည်း မိမိတို့ ကောက်ခံရန် အခွန်လျာထားချက်များ ပြည့်မီအောင်ကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွက် အခွန်ကောက်ခံရန်လျာထားချက်နှင့် ပစ္စည်းခွန်၊ ပစ္စည်းခွန် ထိရောက်စွာ ကောက်ခံနိုင်မည် ဆိုပါက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် ပြည်ထောင်စု၏ ထောက်ပံ့ငွေအပေါ် မှီခိုရမှုကို လျှော့ချနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံရာတွင် ပြန်လည်အသုံးချနိုင်ခြင်း၊ အိမ်ခြံမြေကဏ္ဍတွင် စုပြုံရင်းနှီးမြှုပ်နှံမှုကို တားဆီးနိုင်ပြီး ထုတ်လုပ်မှုကိုအားပေးသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာစေခြင်း စသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများက လက်ရှိကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်စနစ်နှင့် မိမိတို့ဒေသအတွင်း ထိရောက်သည့်အခွန်စနစ်များဖြင့် အခွန်တိုးတက်ကောက်ခံရရှိရေးဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်များတွင် စနစ်တကျ အခွန်ကောက်ခံမှုဖြင့် အခွန်ရငွေနှင့် ဂျီဒီပီအချိုး တိုးတက်လာစေရေး၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်သည့်အသုံးစရိတ်များ တိုးတက်ရရှိရေးနှင့် ပြည်ထောင်စု၏ အခွန်ဘဏ္ဍာရငွေအပေါ်မှီခိုမှုကို လျှော့ချနိုင်ရေးတို့အတွက် ထိရောက်သည့် အခွန်စီမံခန့်ခွဲမှုစနစ်များဖြင့် ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်