နေပြည်တော် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပပြီး တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ထူးချွန်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကို ဆုများချီးမြှင့်ကြသည်။
(၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်းနှင့် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းကို ထီဖောင်းကျေးရွာအုပ်စု စည်ပင်အမှိုက်ကျင်းသွားလမ်းဘေးရှိ ကျောက်ကျင်းဟောင်း၌ပြုလုပ်ရာ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုသင်တန်းကျောင်းတို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများ တက်ရောက်ကြသည်။
အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၉၁၉ ကီလိုကျော်၊ ဘိန်းဖြူ ၄၆၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၂ သန်းကျော်၊ အိုက်စ် ၅၀၉၃ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၉၇ ကီလိုကျော်၊ ကက်တမင်း ၂၇၁၅ ကီလိုကျော်၊ ဆေးခြောက် ၅၉ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၂ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၃ ဘီလီယံကျော် (အမေ ရိကန်ဒေါ်လာ ၉၈ သန်းကျော်) ကို ဖျက်ဆီးခဲ့သည်။
ထို့ပြင် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့၍ ဆုရရှိသူ ၁၉ ဦး၊ ကျောင်းသား ကျောင်းသူ ၂၀၀ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား၍ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာကို ပြည်နယ်မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။
ထို့အတူ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော ဘိန်း ၃၅ ကီလိုခန့်၊ ဘိန်းဖြူ ၁၇၃ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၃ သန်းကျော်၊ အိုက်စ် ၁၀၄၇၆ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၃၂ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၁၄ ကီလိုကျော်၊ ကက်တမင်း ၅၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၄၀၄ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၅ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၂၄ ဘီလီယံခန့် (အမေရိကန် ဒေါ်လာ ၁၁၈ သန်းခန့်) ကို ဖျက်ဆီးခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် ၁၀ နာရီတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့၍ ဆုရရှိသူရှစ်ဦး၊ ကျောင်းသား ကျောင်းသူ ၂၅၀ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုခြင်း များဆောင်ရွက်ကြသည်။
အလားတူ မန္တလေးမြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး ခြင်းအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌ နံနက် ၈ နာရီတွင်ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ မန္တလေးမြို့အခြေစိုက် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့၍ ဆုရရှိသူ ၂၀ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာကို တိုင်းဒေသကြီးမူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်း များကို လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၃၈၀ ကီလိုခန့်၊ ဘိန်းဖြူ ၁၁၁၀ ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅ သန်း ကျော်၊ အိုက်စ် ၆၄၁ ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၈၆ ကီလိုကျော်၊ ကက်တမင်း ၉၃ ကီလိုကျော်၊ ဆေးခြောက် ၁၃၄ ကီလိုခန့်အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၇ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၉၅ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၈၂ သန်းကျော်) ကို ဖျက်ဆီးကြသည်။
ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်းအစီအစဉ်များကို တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး၊ ကသာနှင့် ရွှေဘိုမြို့တို့တွင် ကျင်းပရာ ဘိန်း ၁၃၃၄ ကီလိုကျော်၊ ဘိန်းဖြူ ၁၇၄၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၁ သန်းကျော်၊ အိုက်စ် ၁၆၂၁၀ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၂၁၅ ကီလိုကျော်၊ ဘိန်းစာ မှုန့် ၁၁၄ ကီလိုကျော်၊ ဆေးခြောက် ၅၉၇ ကီလိုကျော်နှင့် ကက်တမင်း ၈၅၇၃ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၀၇၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်) တို့ကို ဖျက်ဆီးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိကာ ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၅ ခုနှစ် မေ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် ၉၇၂ ဒသမ ၄၆၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်