ဇွန် ၂၇
ကိုလံဘီယာနိုင်ငံအနောက်မြောက်ပိုင်းတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁၄ ဦးအထိရှိလာပြီး ၁၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရသူ အများအပြားရှိပြီး ၁၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ ယမန်နေ့ကအတည်ပြုပြောကြားသည်။
ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များသည် ဘဲလ်လိုမြို့ရှိ ဘေးဒဏ်သင့်သည့် အီလ်ပီနာရပ်ကွက်တွင် တစ်နာရီကြာကယ်ဆယ်ရေးလုပ်ဆောင်နေပြီး အသက်ရှင်ကျန်ရစ်သူများအားရှာဖွေလျက်ရှိသည်ဟု မြို့တော်ဝန် လိုရီနာ ဂွန်ဇာလတ်ဇ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဘေးအန္တရာယ်မြင့်မားသောနေရာများတွင်နေထိုင်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်ရန် ဂွန်ဇာလတ်ဇ်က တိုက်တွန်းပြောကြားထားသည်ဟု ဆိုသည်။
မြေပြိုမှုဖြစ်နိုင်ခြေကို ကြိုတင်သတိပေးသည့်အနေဖြင့် ထိုဧရိယာအတွင်း အထူးသတိပေးချက်များနှင့် ကင်မရာများ တပ်ဆင်ထားသည်ဟု ၎င်းကဆိုသည်။
ဘေးအန္တရာယ်မြင့်မားသောဒေသများမှမိသားစုများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးရန် တပ်မတော်က ကူညီပေးလျက်ရှိပြီး တပ်ဖွဲ့ဝင်များသည် အနံ့ခံခွေးများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီ လုပ်ဆောင်ပေးလျက်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို