နေပြည်တော် ဇွန် ၂၇
“လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်လည်း အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းထားခဲ့ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်း ကြိုဆိုလမ်းဖွင့်ထားပါကြောင်း” ဇွန် ၂၅ ရက်နေ့က နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲကနေ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်ဆင့်အသိပေး ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က “ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်။ စတင်တာဝန်ယူကတည်းက ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်(၅)မှာလည်း ထည့်သွင်းချမှတ်ထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရက မူလရည်မှန်းထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေမှာ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်အသီးသီးရဲ့ ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲနဲ့ လွှတ်တော်အသီးသီး ခေါ်ယူကျင်းပခြင်းတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မူလရည်မှန်းထားခဲ့တဲ့အတိုင်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ရွေးကောက်ပွဲကျင်းပပြီးတော့ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းကို အဓိကကိုင်စွဲပြီး လျှောက်လှမ်းလျက်ရှိပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှုမရှိဖို့ လိုသလို ပြည်တွင်းက အဖျက်အမှောင့် ပယောဂတွေ ကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်း လိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိ အောင်မြင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးတာနဲ့ တစ်ပြိုင်တည်း အရင်ဆုံး ဦးစားပေး ဆောင်ရွက်ခဲ့တာကတော့ ထာဝရငြိမ်းချမ်းရေးပါပဲ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးအတွက် ကော်မတီတွေကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်းလမ်းဖွင့်ထားပြီး ကြိုတင် သတ်မှတ်ချက်တွေမရှိတဲ့ ဆွေးနွေးပွဲတွေအတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကို အားလုံးသိမြင်ပြီးသား ဖြစ်ပါတယ်။” လို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က “ငြိမ်းချမ်းရေးဆိုတာ ပုံသေသတ်မှတ်ပြဋ္ဌာန်းထားနိုင်တဲ့အရာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုမှတစ်ဆင့် ရရှိပေါက်ဖွားလာတဲ့ ရလဒ်ကောင်းတွေနဲ့ ဖော်ဆောင်ကြရမှာသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး အရင်ဆုံးတွေ့ဆုံဆွေးနွေးကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီ တာဝန်ရှိကြတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတံခါးကို ကျွန်တော်တို့အနေနဲ့ အစဉ်ဖွင့်လှစ် ကြိုဆိုလျက်ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ “လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့အတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှာ အတူတကွ လက်တွဲလျှောက်လှမ်းကြပါစို့” လို့ ပြောကြားခဲ့ပါတယ်။ MDN