ပုသိမ် ဇွန် ၂၈

 

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့နံနက်ပိုင်းက ညောင်တုန်း၊ ပန်းတနော်၊ မအူပင်မြို့တို့ရှိ တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို  ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ နည်းပညာ ပြန့်ပွားရေး စင်တာ (Knowledge Center) သို့ ရောက်ရှိပြီး တောင်သူများ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မျိုးစေ့ချ သရုပ်ပြပွဲကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆားမလောက်ရွာ၊ သက်ရင်းကျောင်းရွာ၊ ဇီးဖြူကျွန်းရွာ၊ ဝါးတောရွာ၊ ထူးချောင်းရွာတို့မှ တောင်သူများအား မျိုးစေ့ချကိရိယာ နှင့် MRTV DTH စလောင်းများကို ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တောင်သူများအား ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်းရှိ လူမှု အသိုက်အဝန်းများအား တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းများ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေကြပါကြောင်း၊ တိုးတက်ခိုင်မာအားကောင်းသော လူမှု အသိုက်အဝန်း ဆိုသည်မှာ ဘေးကင်းလုံခြုံမှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ ကောင်းမွန်မှု၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိမှု အစရှိသည့် ကောင်းမွန် တိုးတက်သည့် လူ့အသိုက်အဝန်းများ ဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးမှစ၍ ကဏ္ဍပေါင်းစုံ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရ၍ ဝမ်းမြောက်ပါကြောင်းနှင့် ဒေသခံပြည်သူများ အနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ  ပူးပေါင်းပါဝင်ကူညီကြပါရန် ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ညောင်းတုန်းမြို့နယ်ရှိ အာရှသား ငါးမွေးမြူရေးကုမ္ပဏီကို ရောက်ရှိပြီး ရေချိုပုစွန်၊ ငါးမျိုးစုံနှင့်  ဘက်စုံမွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုကာ အသား၊ ငါး ထုတ်လုပ်မှုအခြေအ​နေကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ မအူပင်မြို့နယ် အလန်းအုပ်ကျေးရွာရှိ စိုင်းသီဟ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိကာ အသားတိုးကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးသည်။

 

စိုင်းသီဟအသားတိုးကြက်မွေးမြူရေးခြံကို ၂၀၁၅ ခုနှစ်က အသားတိုး ကြက်အကောင်ရေ ၁၂၀၀၀ ခန့်ဖြင့် စတင်မွေးမြူလုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင်၍ အသားတိုးကြက်အကောင်ရေ ၂၄၀၀၀ အထိတိုးချဲ့မွေးမြူ လုပ်ကိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အအေးခန်း အသားတိုးကြက်ခြံများ အဖြစ်သို့ ပြောင်းလဲပြီး ကြက်အကောင်ရေ ၁၅၅၀၀၀ ခန့်ဖြင့် ယနေ့တိုင် မွေးမြူလျက်ရှိကာ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့​ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၊ ထနီးကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ် အမြန်ကားလမ်းမကြီးဘေးရှိ ရွှေနဂါးမင်း ကုမ္ပဏီသို့ ရောက်ရှိရာ အထွေထွေမန်နေဂျာ ဦးဇော်မင်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မအူပင် Polytechnic တက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ပါမောက္ခချုပ်ထံ MRTV DTH စလောင်းတစ်စုံ ပေးအပ်သည်။

 

ဆက်လက်၍ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာရှိ မင်္ဂလာစာကြည့် တိုက်သို့ ရောက်ရှိကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးက အလှူငွေကျပ်  ၁၀ သိန်း၊ MRTV DTH စလောင်း သုံးစုံ၊ လူထုသိပ္ပံကျမ်းများနှင့် သုတ၊ ရသ စာအုပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူငွေကျပ် ၁၀ သိန်းကို လည်းကောင်း ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်တာဝန်ခံ ဒေါ်ဟေမာစာရီက လက်ခံ ရယူသည်။

 

ထို့နောက် ပန်းတနော်မြို့နယ်ရှိ ဝက်ကောင်ရေ ၆၅၀၀ ခန့်ရှိ ထူးထက်ဟန်ကုမ္ပဏီ အသားတိုးဝက် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုကာ အသားထုတ်လုပ်မှုစနစ်တကျ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးသည်။ အဆိုပါမွေးမြူရေးခြံကို ၂၀၂၂ ခုနှစ်မှစတင်၍ မွေးမြူထုတ်လုပ်ခဲ့ရာ ယခု ၂၀၂၅ ခုနှစ်တွင် ဝက်သားပိဿာချိန် ၁၈ ဒသမ ၅၄ သိန်းကို ထုတ်လုပ်နိုင်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် တိုင်းဒေသကြီးပြင်ပသို့ ထုတ်လုပ်တင်ပို့နိုင်ခဲ့​ကြောင်း သိရသည်။

 

ယင်းနောက် ပန်းတနော်မြို့ ဦးသန့်စာကြည့်တိုက်သို့‌ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် မှန်နန်းရာဇဝင်စာအုပ်များကိုလည်းကောင်း၊  စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူ ငွေကျပ် ၁၀ သိန်း ၊ MRTV DTH စလောင်းနှစ်စုံ၊ လူထုသိပ္ပံကျမ်းများနှင့် သုတ၊ ရသ စာအုပ်များကိုလည်းကောင်း ပေးအပ်လှူဒါန်းပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်တာဝန်ခံ ဦးတင်စိုးက လက်ခံရယူခဲ့သည်။

 

သတင်းစဉ်