ရန်ကုန် ဇွန် ၂၉
၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု (ဂ) ပထမနေ့ကို ဇွန် ၂၉ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက တာ့ခ်မင်နစ္စတန်အသင်းကို ရှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။
ခြေစစ်ပွဲ အုပ်စု (ဂ)တွင် ခြေစစ်ပွဲအောင်မြင်ရန် ရေပန်းအစားဆုံးဖြစ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖွင့်ပွဲတွင် ဂိုးပြတ်အနိုင်ရလဒ် ရယူနိုင်ခဲ့သည်။ မြန်မာအမျိုးသမီး အသင်းသည် ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခြင်းဖြစ်သော်လည်း ပထမပိုင်းတွင် ပေးလိုက်ရသည့် ပယ်နယ်တီကို ဂိုးသမား မျိုးမြမြငြိမ်း ကာကွယ်နိုင်သဖြင့် တစ်ဂိုးစီ သရေကျ မည့်အခြေအနေနှင့် ရှောင်လွှဲကာ သက်သောင့်သက်သာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုသည် မျိုးမြမြငြိမ်း (ဂိုး)၊ နှင်းပွင့်အေး၊ ဇွန်ယုယဦး၊ ဖြူဖွေး၊ ရူပါခိုင်၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ ဝင်းဝင်း၊ ရွှေရည်ထွန်း၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်း တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်အားပြုကစားခဲ့ပြီး ၁၁ မိနစ်တွင် ဝင်းဝင်းက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ၂၃ မိနစ်တွင် တာ့ခ်မင်နစ္စတန်အသင်း ပယ်နယ်တီကန်သွင်းရခဲ့ပြီး ဟိုင်ပိုဗာ ကန်သွင်းသော်လည်း မြန်မာဂိုးသမား မျိုးမြမြငြိမ်း ကာကွယ်နိုင်သဖြင့် မြန်မာအသင်း ချေပဂိုးမပေးလိုက်ရဘဲ ၂၈ မိနစ် တွင် ဝင်းဝင်းက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ပွဲကို ထိန်းချုပ်သွားပြီး ၃၉ မိနစ်တွင် ဝင်းဝင်းက ဟက်ထရစ်ရစေမည့် တတိယဂိုးကို ပထမပိုင်း ပြီးခါနီးတွင် ခင်မိုမိုထွန်းက စတုတ္ထဂိုးသွင်းယူသည်။ ဒုတိယပိုင်းအစတွင် ဝင်းသိင်္ဂီထွန်းအစား မေထက်လူဝင်ကစားခဲ့ပြီး မြန်မာအသင်း အနိုင်ဂိုးများ ထပ်မံရရှိခဲ့သည်။ ၄၈ မိနစ်တွင် စန်းသော်သော်၊ ၅၂ မိနစ်တွင် မေထက်လူ၊ ၇၅ မိနစ်တွင် ခင်မိုမိုထွန်းနှင့် ၉၀+၃ မိနစ်တွင် ရွှေရည်ထွန်းတို့က မြန်မာအသင်းအတွက် အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။
အုပ်စု (ဂ) ဒုတိယနေ့ကို ဇူလိုင် ၂ ရက်တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်း၊ ည ၇ နာရီတွင် ဘာရိန်းအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး